ချင်းရွှေဟော်နယ်စပ်ဂိတ်ကို စစ်ကောင်စီနှင့် အပေးအယူလုပ်ပြီးနောက် MNDAA ပြန်ဖွင့်ပေး

0
100
ပုံစာ - ချင်းရွှေဟော်ဂိတ်

သျှမ်းပြည်၊ လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်‌ကောင်စီနှင့် ညီနောင်မဟာမိတ် တို့ အပေးအယူလုပ်ပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း ချင်းရွှေဟော်ဒေသခံများထံမှ စုံစမ်းသိရသည်။

မတ်လ ၁၁ ရက် မှ စတင်ပြီး မြန်မာ – တရုတ်နယ်စပ် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ (၄) ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပြီးနောက်ပိုင်း နယ်စပ်ဖြတ်သန်းသွားလာနိုင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း ချင်းရွှေဟော်ဒေသခံများက ပြောသည်။

ချင်းရွှေဟော်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက “မနေ့ (မတ် ၁၁ ရက်နေ့) ကပဲ စဖွင့်ပြီ။ ဒီဘက်က ကိုယ့်နိုင်ငံက လဝက လူတွေလည်း ထိုင်ထားတယ်။ ခါတိုင်းလို တုံးထုပြီးမှ ဝင်ရမယ်လို့ပြောတာ။ မြန်မာပြည်က လူတော့ လောလောဆယ် ဝင်လို့မရသေးဘူး။ တရုတ်ပြည်ကလူတော့ ဒီဘက်ထဲ လာလို့ရတယ်။ တခုခုတော့ လိုနေတာ အဲ့တာဘာလဲမသိဘူး” ဟု ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကတည်းက ကိုးကန့်တပ်ဖွဲ့ MNDAA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် ၄ လကျော် အကြာတွင် ကိုးကန့်တပ်ဖွဲ့ တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အဖြစ် ယခုကဲ့သို့ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောပါသည်။

“စာအုပ်ကတော့ အရင်ကဟာပဲ၊ မြန်မာပြည်က ဝန်ထမ်းတွေလည်း ဟိုမှာသွားထိုင်တယ်။ ဗမာရော ကိုးကန့်ရော တွဲဘက်ထိုင်တာ၊ သူတို့ ဘယ်လိုရာခိုင်နှုန်းနဲ့ ပြန်လုပ်မလဲ မသိဘူး” ဟု ချင်းရွှေဟော်မြို့ဒေသခံ အမျိုးသားက ဆက်ပြောသည်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်တွင် မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ ဝမ်တိန် နယ်စပ်ဂိတ်နှင့် လောက်ကိုင်မြို့နယ် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို မတ်လ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက အတည်ပြုသည်။

“ဒီနယ်စပ်ဂိတ်က ၃ လပိုင်း ၁၁ ရက်မှာ ပြန်ဖွင့်တယ်လို့တော့ ပြောလာပါတယ်။ နယ်စပ်ကူးလက်မှတ်တွေ ယူထားတဲ့လူတွေက သွားသွားလာလာ လုပ်လို့ရနေပြီလို့တော့ ပြောပါတယ်။ လောလောဆယ်တော့ အဟောင်းကိုပဲ သုံးနေပါသေးတယ်။ အခုမှ စဖွင့်တယ်ဆိုတော့ လုပ်ငန်းလည်ပတ်မှုက ထွေထွေထူးထူး မသိရသေးပါဘူး” ဟု ကိုးကန့်တပ် ပြောရေးဆိုခွင့်ရှိသူလီကျားဝင်းက အတည်ပြုပြောပါသည်။

ဖေဖော်ဝါရီလ ၂၉ ရက် မှ မတ်လ ၁ ရက်နေ့ အထိ တရုတ်နိုင်ငံ၏ စီစဉ်ပေးချက်အရ ကူမင်းမြို့၌ စတုတ္ထအကြိမ် တွေ့ဆုံပွဲတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား “ဟိုင်ဂင် သဘောတူညီချက်”အရ သျှမ်းမြောက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားရမည်ဖြစ်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ကို ကတိပြုခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီ၏ အကောက်ခွန် စစ်ဆေးရေး၊ လူ၀င်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှလည်း ပူးတွဲတာ၀န်ယူရန်၊ အခွန်ကောက်ခံရရှိငွေကို ညီနောင်မဟာမိတ် (၃) ဖွဲ့ကိုယ်စား ကိုးကန့်တပ်ဖွဲ့က ၇၀% ရယူပြီး စစ်ကောင်စီက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း နှစ်ဘက်စလုံးက ထုတ်ဖော် အတည်ပြုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့်လုပ်ကိုင်သူ တရားမဝင်တရုတ်နိုင်ငံသား (၁၀၈) ဦးနှင့် ဆက်စပ်ပစ္စည်းများကို ရန်လုံကျိုင်းနယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲအပ်ပေးခဲ့ကြောင်း ကိုးကန့်မီဒီယာက သတင်းထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here