ပင်လောင်းမြို့ကျေးရွာများအတွင်း စစ်ကောင်စီတပ်စွဲအင်အားဖြည့်လာတာကြောင် တိုက်ပွဲပြန်လည်ဖြစ်ပွား

0
84

သျှမ်းပြည်၊ ပင်လောင်းမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ အင်အားဖြည့်တင်းပြီး စာသင်ကျောင်းအတွင်း လာရောက်တပ်စွဲနေတာကြောင့် ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၆ ရက်မှ စတင်၍ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA တပ်ဖွဲ့တို့က အင်အားအများအပြား ဖြည့်တင်းခဲ့ပြီး ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲနေကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ အင်းအားဖြည့်တင်းလာသောကြောင့် ဒေသအတွင်းလှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် စစ်ရေးတင်းမာပြီး မတ်လ ၁၀ ရက်မှ စ၍ ပင်လောင်းမြို့နယ် နမ်းဖာမူ ကျေးရွာတွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“အခုတိုက်ပွဲကြောင့် တချို့ကတွေ ပင်လောင်းမြို့ပေါ်မှာရှိတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေဆီ ပြေးကြတယ်။ တချို့ကျတော့လည်း ရွာတွေဘက်က ဘုန်းကြီးကျောင်းမှာ ခိုလှုံကြတယ်။ တိုက်ပွဲက ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိတယ်” ဟု ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် နမ်းဖာမှု၊ ကုန်းပေါး၊ ဗန်းမောက်၊ နောင်ဝိုးနှင့် ကားရား စသည့် ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၃ ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDFနှင့် ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ် Pekhon PDF ထံသို့ Signal ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်းလာနိုင်သောကြောင့် ဒေသခံများအနေဖြင့် ရှေ့လျှောက် အိမ်ပြင်သို့ ထွက်သွားလာခြင်း၊ ခရီးသွားလာခြင်း မပြုကြရန် ပြည်သူ့စစ် PNO အဖွဲ့က အသိပေးထားကြောင်း ပင်လောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ထပ်မံပြောပြသည်။

“အခုပင်လောင်းမြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ စာမေးပွဲတွေဖြေပြီးသွားရင် ပြည်သူတွေအနေနဲ့ အိမ်ကနေ အပြင်မထွက်ကြဖို့၊ ခရီးသွားလာတာတွေ၊ တောင်ကြီးသွားတာတွေ မပြုလုပ်ကြဖို့ PNO ဘက်ကပြောလာတယ်။ အခုက တိုက်ပွဲက ပြန်ပြီးပြင်းထန်လာနိုင်တဲ့ အခြေအနေရှိလားတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ မတ်လတွင်လည်း ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနှင့် နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ ဒေသခံများ အစုလိုက် အပြုံလိုက်သတ်ခြင်း စသည့်ဖြင့် အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။

“တိုက်ပွဲဖြစ်လာရင်တော့ အဓိက စားဖို့သောက်ဖို့ ခက်ခဲလာမှာ အသေအချာပဲ။ အခုလည်း ကုန်ပစ္စည်းတွေ ကလည်း ဈေးတက်တော့ ဝယ်ဖို့ကလည်းခက်တယ်။ အခုပိုဆိုးတာက ဂိတ်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေ ပေးမသယ်တော့ဘူး” ဟု အထက်ပါ ပင်လောင်းမြို့ ဒေသခံအမျိုးသားက ထပ်လောင်းပြောဆိုသည်။

အလားတူ ဖယ်ခုံ- ပင်လောင်း နယ်စပ်အနီးတွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာနေ သောကြောင့် ဒေသခံများအနေဖြင့် ဘီလူးချောင်းအတွင်း ညဘက်စက်လှေများ သွားလာခြင်းနှင့် ညအချိန် ငါးရှားခြင်း မပြုလုပ်ကြရန်လည်း အင်းလေးပြည်သူ့ကာကွယ်ရေး IPDF က မတ်လ ၈ ရက်နေ့၌ ပူးတွဲစာ ထုတ်ပြန်ခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here