ULA/AA က ပလက်ဝတွင် အုပ်ချုပ်ရေးအစီအစဉ်များဖော်ဆောင်နေမှုက မှန်ကန်သောလမ်းကြောင်းမဟုတ်ဟု ချင်းပြည်ဝန်ကြီးချုပ်‌ပြောဆို

0
124

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးအစီအစဉ်များ ဖော်ဆောင်နေမှုသည် မှန်ကန်သောလမ်းကြောင်း မဟုတ်ကြောင်း ချင်းပြည် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးပါထန်းက ပြောသည်။

“AA က ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးဖော်ဆောင်တာတော့ မှန်ကန်တဲ့လမ်းကြောင်း မဟုတ်ဘူး။ ဒါက တိုင်းရင်းသား အချင်းချင်းကြားမှာ ရေရှည်မှာ စိတ်ဝမ်းကွဲမှုတွေဖြစ်စေမယ့် အရာတွေဖြစ်တယ်။ ဒါက သူတို့ မလုပ်ဆောင်ရင် အကောင်းဆုံးပဲ။ ဒါပေမယ့် ကျနော်တို့ စောစောကပြောထားသလိုပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းနဲ့ အရင်သွားမှာဖြစ်ပါတယ်” ဟု ချင်းပြည်ဝန်ကြီးချုပ်က ပြောသည်။

ပလက်ဝအရေးကိစ္စနှင့် ပတ်သက်၍ ရက္ခိုင်တပ်တော် AA/ ULA နှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရတို့ကြား တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းဖြင့် ဆက်လက်လုပ်စရာများ ရှိနေသေးကြောင်း ချင်းပြည်ဝန်ကြီးချုပ်က ပြောသည်။

ပလက်ဝမြို့နယ်အတွင်း လူမျိုးစုများထဲက သင့်လျော်သူများဖြင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအစီအမံများ ရေးဆွဲကာ အုပ်ချုပ်ရေးအစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် AA က မတ်လ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ပလက်ဝမြို့နယ်ကို လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက်ရှိရန် ULA/ AA ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်း ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ပလက်ဝဒေသကို စိုးရိမ်ပူပန်နေမှုနှင့် ပတ်သက်၍ ပလက်ဝဒေသ တစ်ခုထဲကိုပဲ စိုးရိမ်ပူပန်နေတာထက် ချင်းပြည်လွတ်မြောက်ရေးကို အာရုံစိုက်သင့်ကြောင်း ရက္ခိုင်တပ်တော် အနေဖြင့် အကြံပြုလိုကြောင်းလည်း ၎င်းက ပြောပါသည်။

ရက္ခိုင့်တပ်တော် AA သည် “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီ ဗျူဟာတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ယခုနှစ်ဇန်နဝါရီလ ၁၄ ရက်တွင် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းအားလုံးကို တစ်ခုမကျန် အပြီးသတ်သိမ်းပိုက်ကာ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ် ထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here