ဟုမ္မလင်းမြို့တွင်းသို့ စားသောက်ကုန်အချို့ သယ်ဆောင်ခွင့်ရပြီး စက်သုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်ခွင့်မရသေး

0
56
Photo – ShanNi Voice

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းသို့ တော်လှန်ရေးအင်အားစုများက စားသောက်ကုန်အချို့ကို သယ်ဆောင်ခွင့်ပြုပြီ ဖြစ်ပြီး စက်သုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်း သယ်ယူခွင့်အား တားဆီးပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။

“PDF အဖွဲ့တွေက အဲ့လိုလွှတ်ပေးတာပေါ့။ စားသောက်ကုန်တွေဆိုရင်တော့ လွှတ်ပေးတယ်ပေါ့။ ကျန်တဲ့ ဒီဇယ်တို့ ရွှေမျှောသုံးပစ္စည်း၊ သံထည်၊ ဘိဘပ်မြေ အဲ့ဒါတွေကတော့ မလွတ်သေးဘူးဗျာ့” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများက ကုန်တင်ကားများအား မတ်လ ၁၀ ရက်မှ စ၍ ဟုမ္မလင်းမြို့နယ်အတွင်းသို့ သွားလာသယ်ဆောင်ခွင့် ပြုသော်လည်း ဒီဇယ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို သိမ်းဆည်းမှုများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စားသောက်ကုန် သယ်ယူခွင့်ပြုရာတွင်လည်း တော်လှန်ရေးအင်အားစုများဘက်က ကန့်သတ်ထားသည့် စစ်ကောင်စီတပ်၏ ထုတ်ကုန်ပစ္စည်းများ ပါမပါကို စစ်ဆေးပြီးမှသာ လွှတ်ပေးခြင်းဖြစ်ပြီး တွေ့ရှိပါက ဖျက်ဆီးမှုများ ရှိနေကြောင်လည်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ကန့်သတ်ကုန်တွေကို သူတို့စစ်ဆေးပြီးမှ အဲ့လိုမျိုး လွှတ်ပေးတယ်လို့ ပြောတယ်ဗျာ့။ တပ်မတော်ကထုတ်တဲ့ ဘီယာ အဲ့ဒါတွေက ပါ/မပါ စစ်တာပေါ့ဗျာ။ ပါရင် အကုန်သိမ်းတယ်လို့ ပြောတာကို။ အကုန်ဖျက်ဆီးပစ်တယ် ပြောတာကိုး” ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ဆိုသည်။

စက်သုံးဆီအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကားများအား ဖောင်းပြင်မြို့နယ် ရောင်ဟီးကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများက တားဆီးထားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်သုံးဆီများအား ဟုမ္မလင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထားသည့် နယ်မြေအတွင်းသာ သယ်ယူရောင်းချခွင့်ပြုထားပြီး ပြင်ပသယ်ယူ ရောင်းချခွင့်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်ပင်ခဲရာတွင် ၁ လကျော် ကြာမြင့်ပြီလည်းဖြစ်သည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here