ပုံးအင်းဒေသရှိ ဒေသခံများကို PNO/ PNA အဖွဲ့ ဆက်ကြေးတိုးကောက်ခံနေ

0
38
ပုံစာ - ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်က ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က ပုံးအင်းဒေသရှိဒေသခံများထံသို့ သွားရောက်တွေ့ဆုံစဉ်။

သျှမ်းတောင် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ပူးပေါင်း ပါဝင်တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံ ဆက်ကြေး တိုးကောက်ခံလာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အိမ်စီးကားရှိပါက ၁ စီးကို ၁ သိန်း၊ သဲ/ကျောက်တင်ကား ၁ စီးကို ၄ သိန်း၊ လယ်ထွန်စက် ၁ စီးကို ၆ သိန်း၊ စပါးရိတ်စက် ၁ စီးကို ၇ သိန်းနှင့် ဆန်စက်ရုံ ၁ ရုံကို ၁၀ သိန်းအထိ အခွန်ဆောင်ခိုင်းခဲ့ကြောင်း ပုံးအင်းဒေသခံတစ်ဦးက ပြောပါသည်။

“ရွာသူကြီးတွေ၊ ကားရှိသူတွေကို ခေါ်ပြီးတော့ ကားအခွန်ကောက်မယ်၊ အခွန်အမျိုးမျိုး ကောက်မယ်ဆိုပြီး ပြောတယ်။ လာမယ့် မတ်လ ၅ ရက်နေ့ကြရင် စာရင်းတွေ ပေးထားရမယ်။ မပေးရင် ဒဏ်ငွေ ရိုက်မယ်၊ ၁ သိန်းကနေ ၂ သိန်းအထိ တိုးကောက်သွားမယ်ဆိုပြီး ခြိမ်းခြောက်အခွန်ဆောင်ခိုင်းတာ” ဟု ၎င်းက ပြောသည်။

ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ကျေးရွာပေါင်း ၃၅ ရွာမှ ဒေသခံများအနေဖြင့် မဖြစ်မနေ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထံသို့ အခွန်ဆောင်ရန် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ဆိုင်လဲကျေးရွာ အုပ်စုရေးမှူး ဦးလုံးဇွဲနေအိမ်တွင် အစည်းအဝေးခေါ်ယူပြီး ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးခေတ်ကာလ မကောင်းသည့်အပြင် စီးပွားရေးလည်း ကျဆင်း နေသည့်အတွက် ဒေသခံများအနေဖြင့် အခွန်ဆောင်ရန် ငွေရေးကြေးရေးမှာ အခက်ခဲရှိနေကြောင်း၊ တချို့မှာ စားဝတ်နေရေး အတွက် အနိုင်နိုင်ကြိုးစားရုန်းကန် ရှာဖွေနေရကြရသည်ဟု ဒေသခံများက ပြောဆိုပါသည်။

ယင်းကဲ့သို့ အခက်ခဲများစွာဖြင့် ဒေသခံများ ကြုံတွေ့နေရသော်လည်း ပအိုဝ်းပြည်သူ့စစ် PNO ဘက်က အကြောင်းပြချက်မျိုးစုံဖြင့် ပိုက်ဆံတောင်းခံနေလျှက် ရှိနေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့ တပတ်တုန်းကလည်း ရပ်ရွာနဲ့ပြည်သူလုံခြုံရေးအတွက်ဆိုပြီးတော့ လာတောင်းသေးတယ်။ အဲ့တုန်းကလည်း တစ်အိမ်ကို ၅ သောင်း ထည့်ရတယ်။ ပြီးရင် ကက္ကူဘုရားပွဲ (တပေါင်းပွဲ) အတွက်ဆိုပြီး တော့လည်း တစ်အိမ်ကို ၄ ထောင် ထည့်ရသေးတယ်။ မတ်လဆန်းပိုင်းတုန်းကလည်း စစ်ဘေးရှောင်တွေ အတွက်ဆိုပြီး တောင်းခဲ့သေးတယ်။ ဒီလထဲမှာ ၄ ခေါက်လောက်တောင် တောင်းနေပြီ။ အခုလည်း ထပ်တောင်းတော့ ပေးဖို့ကအဆင်မပြေတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောပြသည်။

စစ်အာဏာသိမ်းချိန်မှစပြီး ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့သည် ၎င်းတို့ထိန်းချုပ်ရာဒေသအတွင်း၌ တပ်သားသစ် အဓ္ဓမ စုဆောင်းခြင်း၊ အခွန်ဆောင်ခိုင်းခြင်းများ ဆက်တိုက်ပြုလုပ်လာသောကြောင့် တပ်သားသစ် မပြုလုပ်လိုသည့် လူငယ်များက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

ထို့အပြင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ ဇန်နဝါရီလ ၂၇ ရက် ကတည်းက ၎င်းတို့ထိန်းချုပ်ရာ ဒေသဖြစ်သည့် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဒေသခံများကို တပ်သားသစ် အဓ္ဓမစုဆောင်းပြီး တစ်ယောက်ကို သေနတ် ၁ လက် တပ်ဆင်ပေးနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here