ကျောက်ဖြူတွင် စစ်ကောင်စီဖမ်းဆီးထားသည့် လေယာဥ်စီးခရီးသည်များထဲမှ လူငယ် ၁ ဦး သေကြောင်းကြံ

0
211

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် လေယာဥ်စီးခရီးသည်များထဲမှ လူငယ်တစ်ဦးမှာ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံက သတင်းရရှိသည်။

သေကြောင်းကြံစည်သူသည် ကျောက်ဖြူသို့ လေယာဉ်ဖြင့် စီးနင်းလိုက်ပါလာသည့် အသက် ၂၀ ဝန်းကျင် အရွယ်ရှိ ရမ်းဗြဲဇာတိလူငယ်တစ်ဦးဖြစ်ပြီး ၄င်း၏ဖုန်းထဲမှ ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်သည့် အထောက်အထားများတွေ့၍ဟုဆိုကာ လက်ထိပ်ခတ် ဖမ်းဆီးခံထားရသူဖြစ်ကြောင်းလည်း သိရသည်။

“အဲဒီကောင်လေး ဖုန်းကို စစ်တာမှာ AA နဲ့ပတ်သက်တဲ့ အထောက်အထားတွေ့လို့ဆိုပြီး လက်ထိပ်ခတ်ပြီး ဖမ်းထားတယ်။ အဲဒါ အခုနေ့လယ်ပိုင်းက လက်မှာခတ်ထားတဲ့ လက်ထိပ်နဲ့ ပလပ်ပေါက်ထဲ အတင်းထိုးထည့်ပြီး သတ်သေဖို့ ကြိုးစားတာ။ အနားမှာရှိတဲ့ ဖမ်းဆီးခံထားရတဲ့ ခရီးသည်ကောင်မလေးတွေက မိန်းခလုတ်ကို အတင်းလိုက်ချလိုက်လို့ မသေသွားတာပါ” ဟု မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါလူငယ်သည် လျှပ်စစ်ရှော့ခ်ရိုက်၍ သေကြောင်းကြံစည်ရန် နှစ်ကြိမ်တိတိ ကြိုးစားခဲ့ကြောင်းနှင့် အနားတွင်ရှိသည့် ဖမ်းဆီးခံလူငယ်များက အချိန်မီ မိန်းခလုတ်ချ၍ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါလူငယ်အပါအဝင် ဖမ်းဆီးခံရသူများသည် ဖေဖော်ဝါရီ ၂၀ ရက်က လေယာဉ်ဖြင့် ကျောက်ဖြူမြို့ကို ပြန်လာကြသူများဖြစ်ကြပြီး လေယာဥ်စီးခရီးသည် ဖမ်းဆီးခံရသူလူငယ်များထဲတွင် အမျိုးသမီးငယ်များပါဝင်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်ဝန်းကျင် လူငယ်အများစုဖြစ်ကြောင်း သိရသည်။

သေကြောင်းကြံစည်သည့် လူငယ်မှာ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်တိုက်နယ်၊ ကြိမ်တန်းချောင်းရွာဇာတိဖြစ်ပြီး
၎င်းကို လက်ထိပ်ခတ်ပြီး ကျောက်ဖြူ ခလရ (၃၄) သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

ထိုသို့သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့တော်ခန်းမကို လုံခြုံရေးအပြည့် ချထားလိုက်ကြောင်းလည်း မျက်မြင်တွေ့ရှိသည့် မြို့ခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်နေ့) ညနေပိုင်းက ရန်ကုန်မှ ကျောက်ဖြူလေဆိပ်သို့ ဆင်းသက်လာသည့် လေယာဥ်တစ်စီးပေါ်မှ ခရီးသည် လူငယ် ၆၇ ဦးကို စစ်တပ်နှင့်ထွေအုပ်က လေဆိပ်မှ စောင့်ကြပ်ဖမ်းဆီးကာ ကျောက်ဖြူမြို့၊ ရမ္မာဝတီ မြို့တော်ခန်းမတွင် စစ်ဆေးနေကြောင်းလည်း မြို့ခံများက ပြောဆိုသည်။

ထိုသို့ဖမ်းဆီးစစ်ဆေးခံရသူများထဲမှ အိမ်ထောင်စုစာရင်း အထောက်အထားများပြနိုင်သူ လူငယ်များကို ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သူ လူငယ်တစ်ဦး ပါသည်ဟုဆိုပြီး မည်သူ့ကိုမျှ ပြန်မလွှတ်ဟုပြောဆိုပြီး စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ချ စောင့်ကြပ်နေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်မှ ကျောက်ဖြူလေဆိပ်သို့ ဆင်းသက်လာသည့်လေယာဥ်တွင် လိုက်ပါလာသူများထဲမှ ဖမ်းဆီးခံရပြီး ရမ္မာဝတီ မြို့တော်ခန်းမသို့ ခေါ်ဆောင်ဖမ်းဆီးခံထားရသည့် လူငယ်စုစုပေါင်း ၁၀၀ ကျော် ရှိနေပြီဟု ကျောက်ဖြူမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါသည်။

စစ်ကောင်စီတပ်သည် လေယာဥ်ပေါ်မှ ဆင်းဆင်းချင်း ခရီးသည်များ၏ ဖုန်းများကို အတင်းအဓမ္မ စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းလည်း ၎င်းကဆက်ပြောသည်။

ပြည်မမှ ရခိုင်သို့ လေကြောင်းဖြင့် ပြန်လာမည့် ရခိုင်လူငယ်များ၊ ခရီးသည်များအနေဖြင့် မိမိတို့၏ ဖုန်းထဲတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ရမည်ရှာ ဖမ်းဆီးနိုင်လောက်သည့် ဓာတ်ပုံများ၊ လူမှုကွန်ရက်မှ မျှဝေသည့်ပို့စ်များ၊ တခြားအထောက်အထားများကို ရှင်းလင်းပြီးမှ လာကြစေလိုကြောင်း ကျောက်ဖြူမြို့ခံ သတင်းရင်းမြစ်များက သတိပေးပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here