ရန်ကုန်မှ စစ်တွေသို့ လေကြောင်းလိုင်းဖြင့်ပြန်လာသည့် ခရီးသည်အများအပြား ဖမ်းဆီးစစ်ဆေးခံနေရ

0
289

ရန်ကုန်မှ စစ်တွေမြို့ကို လေကြောင်းခရီးဖြင့် ပြန်လာသည့် ခရီးသည်အများအပြားကို စစ်တွေလေဆိပ် အရောက်တွင် ရဲနှင့် စစ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးနေကြောင်း ဖမ်းဆီးခံထားရသူတို့၏ မိသာစုဝင်များက ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန် – စစ်တွေ လေကြောင်းလိုင်းဖြင့် စစ်တွေလေဆိပ်သို့ ဆင်းသက်လာသည့် လေယာဉ်မှ လူငယ်အများအပြားအပါအဝင် ခရီးသည်များကို ရဲနှင့်စစ်သားများမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံထားရသည့် လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောပါသည်။

“တူလေးတစ်ယောက် ပါသွားပါတယ်။ ပေါက်တောကပါ။ မန်းရတနာလေကြောင်းနဲ့ လာတာပါ။ အသက်က ၁၈ နှစ်ပါ။ အလည်သွားတာပါ ကျောင်းကိစ္စ စုံစမ်းရင်း။ မနက်ကတည်းက စစ်ဆေးခံနေရတာပါ။ အစိုးရဝန်ထမ်းတွေကို လွတ်ပေးလိုက်တယ်လို့ သိရတယ်။ ညနေ ၃ နာရီထိ သိရသလောက် ပြန်မလွှတ်သေးပါဘူး။ ခုချိန်ထိ မဆက်သွယ်လာသေးပါဘူး” ဟု ပြောသည်။

အဆိုပါ လေယာဉ်ခရီးသည်များကို စစ်တွေမြို့၊ လောကာနန္ဒာဘုရားရှိ ဓမ္မာရုံသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးနေခြင်း ဖြစ်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“ကျနော်သိရသလောက် ဒီနေ့ဆင်းသက်လာတဲ့ လေယာဉ် ၅ စီးက လူတွေတဲ့၊ အများကြီး ဖြစ်မယ်ထင်တယ်။ အခုထိလူပေါင်း ၂၀၀ လောက်တော့ ကျန်နေသေးတယ်လို့ ကြားရပါတယ်။ လောကာနန္ဒာ ဘုရားဓမ္မာရုံမှာ စစ်ဆေးနေတယ်။ ဘာကြောင့်မှန်း မသိပါဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသူများကို သန်းခေါင်စာရင်းမိတ္တူများ စစ်ဆေးခြင်း၊ တချို့ကို မိမိသွားမည့် ရပ်ရွာ နေရပ်လိပ်စာများကို မေးမြန်းစစ်ဆေးပြီး လွတ်ပေးသူများရှိသလို ငွေတောင်းမှုများလည်းရှိသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်တွေမြို့ခံ အစိုးရဝန်ထမ်းတစ်ဦးက “ရန်ကုန်ကလာတဲ့သူတွေထဲမှာ AA ပါတယ်ထင်လို့ စစ်တာနေမှာ။ တချို့ကို ကိုယ်သွားမယ့် နေရပ်တွေကိုမေးပြီး အတိအကျဖြေနိုင်တဲ့သူကို လွတ်တယ်လို့လည်း ကြားမိတယ်။ အတိအကျတော့ ကျနော်တို့လည်း မသိရဘူး” ဟု ပြောသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးခံနေရသူ ၂၀၀ ခန့် ရှိနေပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းထိ မလွတ်လာ သေးကြောင်းနှင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၅ နာရီကလည်း ရန်ကုန် မှ ကျောက်ဖြူလေယာဉ်ကွင်းသို့ ဆင်းသက်လာသည့် မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် ခရီးသည်များမှ ခရီးသည် ၆၇ ဦးတို့ကို စစ်ကောင်စီတပ်နှင့် ထွေအုပ်တို့က Dyna (ဒိုင်နာ) ကား ၁ စီး အပါအဝင် ကားများဖြင့် မြို့တော်ခန်းမသို့ စစ်ဆေးရန် ခေါ်ယူသွားကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here