စစ်မှုထမ်းရန် ဘူးသီးတောင်မှ မွတ်စလင်လူငယ် ၁၀၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

0
201

စစ်မှုထမ်းရန်အတွက် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ မွတ်စလင်လူငယ် ၁၀၀ ကျော်ကို စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာခံများထံမှ သိရသည်။

ဖမ်းဆီးခေါ်သွားခံရသူများမှာ ပုစွန်ချောင်းကျေးရွာမှ ၁၃ ဦး၊ တပ်မချောင်းကျေးရွာမှ ၅၅ ဦး၊ ငကျိုင်တောက် ကျေးရွာမှ ၃၃ ဦး၊ ကျောက်ဖြူတောင်ကျေးရွာမှ အနည်းဆုံး ၁၀ ဦးခန့် ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အဆိုပါကျေးရွာများကို ဝင်ရောက်ပြီး မွတ်စလင်လူငယ်များကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျေးရွာသားများက ဆိုသည်။

အမည်မဖော်လိုသူ မွတ်စလင်ရွာလူကြီးတစ်ဦးက “ရွာကိုဝင်လာပြီး အတင်းအဓမ္မ ဖမ်းသွားတာပါ။ ဖမ်းသွားတာအများစု လူငယ်တွေပဲ။ အခုဖမ်းသွားတဲ့လူတွေကို တပ်ရင်း ၅၃၅ နဲ့ ၃၅၃ ကို ခေါ်ယူသွားပါတယ်။ ထပ်ပြီးတော့လည်း ဖမ်းအုံးမယ်လို့ ပြောသွားတော့ လူတိုင်းစိုးရိမ်နေရတယ်” ဟု ပြောသည်။

ယခုဝင်ရောက်ဖမ်းဆီးသွားသည့် ကျေးရွာများအပြင် တခြားမွတ်စလင်ကျေးရွာများမှလည်း ထပ်မံဖမ်းဆီး မည်ဟု စစ်ကောင်စီတပ်က ပြောဆိုခြိမ်းခြောက်သွားသဖြင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု မွတ်စလင်လူငယ်တစ်ဦးက ပြောသည်။

အဆိုပါမွတ်စလင်လူငယ်က “စစ်ကောင်စီတပ်ရဲ့အကြောင်းကို ကျနော်တို့ ကောင်းကောင်းသိတယ်။ သူတို့ဆီ အဖမ်းခံရမယ့်အစား ကျနော်တို့ AA ဆီမှာပဲ လက်နက်ကိုင်မယ်” ဟု ပြောသည်။

ယခုကဲ့သို့ လူငယ်များအား ၎င်းတို့၏စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်တပ်ထဲ သွင်းခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး အသက်အန္တရာယ်လည်း ကျရောက်နိုင်သဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို စစ်ကောင်စီကတာဝန်ယူရမည်ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က မောင်တောမြို့၊ မြို့သူကြီး နခခ (၅) တပ်ရင်းတွင် တပ်မမှူးသူရိန်ထွန်း၊ ခရိုင် အုပ်ချုပ်ရေးမှူးတို့က မောင်တောမြို့နယ်ရှိ မူစလင်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် မော်လဝီများကို အစည်းအဝေးခေါ်ယူခဲ့ပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းမည်ဆိုလျှင် လက်နက်တပ်ဆင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြောကြားမှုများအား လက်မခံသည့်အတွက် ယခုကဲ့သို့ မွတ်စလင်လူငယ်များအား အတင်းအဓမ္မ စစ်မှုထမ်းရန် ဆွဲခေါ်ခြင်း ဖြစ်နိုင်ကြောင်း မွတ်စလင်များက သုံးသပ်ပြောဆိုကြသည်။

ယင်းအပြင် စစ်ကောင်စီသည် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး မွတ်စလင်ကယ်ဆယ်ရေး စခန်းမှလည်း အသက် ၁၈ နှစ် မှ ၅၅ နှစ် အထိ အမျိုးသားဦးရေစာရင်းကို ကောက်ယူသွားပြီး လူပေါင်း ၁၅၀ အား စစ်မှုထမ်းရန် ဖိအားပေးပြောဆိုထားကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here