“အဲဒီအိမ်မှာပဲ ၈ ရက်လုံးလုံး ထမင်းအငတ်ခံပြီး နေခဲ့ရတယ်။ လေယာဉ်နဲ့လည်းပစ်နေတော့ အိမ်အောက်မှာပဲ ဝပ်ပြီးနေခဲ့ရတယ်။ ကလေးတွေငိုရင် အသံမထွက်အောင် ပါးစပ်ပိတ်ထားရတယ်။ ရပ်ကွက်ထဲမှာလည်း ဘယ်သူမှ မရှိတော့ဘူး” ဒေါ်လှမေ/ ပေါက်တောမြို့တိုက်ပွဲကြား ၈ ရက်ကြာပိတ်မိခဲ့သူ။

0
153
ပုံစာ - ပေါက်တောမြို့တိုက်ပွဲကြား ၈ ရက်ကြာပိတ်မိခဲ့ပြီးနောက် လွတ်မြောက်လာသူဒေါ်လှမေ။

ရခိုင်ပြည်၊ ပေါက်တောမြို့တိုက်ပွဲကြား ၈ ရက်ကြာ ပိတ်မိခဲ့ပြီး လွတ်မြောက်လာသူအသက် ၄၀ အရွယ် ဒေါ်လှမေနဲ့ မေးမြန်းချက်။

ရခိုင်ပြည်၊ ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်သည့် နိုဝင်ဘာ ၁၆ ရက်မှ စ၍ ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်သည်။ လချီကြာမြင့်လာသည့် ပေါက်တောတိုက်ပွဲမှာ အရှိန်လျော့ကျသွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ကာ တိုက်ခိုက်နေလျက်ရှိသည်။

တိုက်ပွဲအတွင်းပိတ်မိနေသည့် ပေါက်တောမြို့ခံများထဲမှ လူဦးရေ ၂၂၀ ကျော်မှာ AA ကယ်ထုတ်မှုကြောင့် နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက် တို့တွင် လွတ်မြောက်လာခဲ့သည်။ ယင်းတို့အထဲမှ တိုက်ပွဲအတွင်း မိသားစု အပါအဝင် လူ ၁၀ ဦးနှင့်အတူ ၈ ရက်ကြာထိ ပိတ်မိနေခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် လွတ်မြောက်လာသည့် အသက် ၄၀ အရွယ်ဒေါ်လှမေကို တိုက်ပွဲကြားဖြတ်သန်းခဲ့ရမှုအပါအဝင် လက်ရှိစစ်ဘေးရှောင်နေရသည့် အခြေအနေများအား မေးမြန်းထားပါသည်။

မေး။ ။ ပေါက်တောမြို့ထဲမှာ ပိတ်မိသွားတဲ့အခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ စခန်းသိမ်းတဲ့နေ့က ရုတ်ရုတ်သဲသဲဆိုတော့ ကိုယ့်အိမ်ထဲမှာပဲ နေကြတယ်။ လေယာဉ်နဲ့ ဗုံးကြဲချိန်မှာတော့ ကျမအိမ်ကသေးတော့ တခြားအိမ်တစ်ဆောင်မှာ သွားနေကြတယ်။ အဲဒီအိမ်မှာလည်း လေဖြတ်နေတဲ့ အဘွားတစ်ယောက်နဲ့ အမတစ်ယောက်ရှိတယ်။ ကျမတို့မိသားစုနဲ့ဆိုရင် လူ ၁၀ ယောက် ရှိတယ်။ အစကတော့ ဒီလောက်ထိဖြစ်ဖို့မထင်ဘူး။ နှစ်ရက်လောက်ဆိုရင် ပြီးသွားမှာဆိုပြီးနေကြတာ။ ကျမတို့ အပြင်ထွက်မယ်လုပ်တော့ စစ်ကောင်စီတပ်သားတွေ ရောက်နေကြပြီ။

မေး။ ။ တိုက်ပွဲကြားမှာပိတ်မိသွားတော့ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံခဲ့ရပါလဲ။

ဖြေ။ ။ အဲဒီအိမ်မှာပဲ ၈ ရက်လုံးလုံး ထမင်းအငတ်ခံပြီး နေခဲ့ရတယ်။ လေယာဉ်နဲ့လည်း ပစ်နေတော့ အိမ်အောက်မှာပဲဝပ်ပြီး နေခဲ့ရတယ်။ ကလေးတွေငိုရင် အသံမထွက်အောင် ပါးစပ်ပိတ်ထားရတယ်။ ရပ်ကွက်ထဲမှာလည်း ဘယ်သူမှမရှိတော့ဘူး။ ကျမတို့မိသားစုပဲ ပိတ်မိပြီး ကျန်နေခဲ့တာ။ တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ထမင်းတစ်ရက်မှ မစားခဲ့ရဘူး။ မုန့်ခြောက်တွေစား၊ ရေသောက်ပြီး နေခဲ့ရတယ်။ ကလေးတွေဗိုက်ဆာရင် ဝယ်ပြီးသားရှိတဲ့ လက်ဖက်ရည်ထုပ်တွေကို ရေနွေးမပါဘဲစားခိုင်းခဲ့ရတယ်။

ပုံစာ – တိုက်ပွဲများကြားမြင်တွေ့ရသည့် ပေါ်က်တောမြို့မြင်ကွင်း။

မေး။ ။ ထွက်ပြေးဖို့ ကြိုးစားခဲ့တာတွေ ရှိပါလား။

ဖြေ။ ။ ကျမတို့ ထွက်ပြေးမယ်လို့ကြံရင် လမ်းမှာစစ်ကောင်စီတပ်သားတွေ သေနတ်တွေနဲ့ သွားလာနေကြတာ တွေ့တယ်။ ထွက်ပြေးလို့တွေ့သွားရင် ပစ်သတ်ခံရမှာကြောက်တော့ အိမ်ထဲမှာပဲနေခဲ့ကြရတယ်။ ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် နေရာတိုင်းမှာ စစ်သားတွေရှိတယ်။ အဖမ်းခံထားရတဲ့လူတွေလည်း အများကြီးရှိတယ်။ ထွက်ပြေးလို့မလွတ်ဘဲ ပစ်သတ်ခံရမှာလည်း ကြောက်ရတယ်။ အဲဒါတွေကြောင့် အိမ်ထဲမှာပဲ နေခဲ့ကြတာ။ ညဘက်တွေလည်း မအိပ်ခဲ့ရဘူး။ ကလေးတွေလည်း လက်နက်ကြီးအသံကြားရင် နိုးလာကြတယ်။ ဖုန်းအဆက်အသွယ်လည်း ဘယ်သူနဲ့မှ မရဘူး။

မေး။ ။ တိုက်ပွဲကြားကနေ ဘယ်လိုမျိုးလွတ်မြောက်လာခဲ့တာပါလဲ။

ဖြေ။ ။ AA တပ်သားတွေက ကျမတို့အိမ်ရှေ့ကို နေရာလာယူတာ၊ ကျမသားလေး ၂ နှစ်အရွယ်ကလေးက ငိုတော့ အိမ်မှာလူရှိတယ်ဆိုတာကို သူတို့သိသွားကြတာ။ ကယ်ထုတ်တဲ့အချိန် ကျမတို့ရှေ့မှာ အပြန်အလှန် ပစ်ခတ်ကြလို့ AA က တစ်ယောက်ကျသွားပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ကြားထဲမှာ AA က ကျမတို့ကို ကယ်ထုတ်လာခဲ့တာ။ ဘုန်းကြီးကျောင်းနဲ့ လမ်းမပေါ်မှာ စစ်သား (စစ်ကောင်စီတပ်သား)တွေရှိတော့ သင်္ချိုင်းဘက်ကနေ ကျမတို့ကိုခေါ်ထုတ်ခဲ့ကြတာ။ အဲဒီနောက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ကျမတို့ကို ကားနဲ့လာယူတယ်။ ထမင်းလည်း ကျွေးတယ်။ ကျမတို့စစ်ဘေးရှောင်ဖို့ နေရာကိုလည်း စက်လှေနဲ့ပို့ပေးခဲ့တယ်။

မေး။ ။ လက်ရှိရောက်နေတဲ့နေရာမှာရော ဘယ်လိုနေထိုင်နေကြရလဲ။

ဖြေ။ ။ စားဝတ်နေရေး အခက်အခဲရှိတယ်။ ကိုယ့်မြို့ကို ဘယ်အချိန်မှ ပြန်ဝင်ရမှာလည်းမသိဘူး။ သားသမီးတွေကလည်း အိမ်ပြန်ချင်နေကြပြီ။ ကျမကလည်း ကျန်းမာရေးမကောင်းဘူး။ ကိုယ့်အိမ်ကို ပြန်ချင်တာပေါ့။ ကိုယ့်အိမ်မှာဆိုရင် ထမင်းကိုဆားနဲ့စားရလည်း စိတ်ချမ်းသာတယ်။ အခု ဒီမှာနေရတာက စားဝတ်နေရေး ခက်ခဲတယ်။ ကုန်ဈေးနှုန်းတွေလည်းတက်နေတော့ ပါလာတဲ့ပိုက်ဆံတွေလည်းကုန်ပြီ။ စောင်တွေလည်းမပါတော့ သားသမီးတွေချမ်းရင် မကြည့်ရက်ဘူး။ ကိုယ့်အိမ်မှာကိုယ် မိသားစုနဲ့ နွေးနွေးထွေးထွေးနေချင်တယ်။

မေး။ ။ ဖြည့်စွက်ပြီး ဘာများပြောချင်ပါသေးလဲ။

ဖြေ။ ။ တိုက်ပွဲဖြစ်တော့ ဒုက္ခအကြီးအကျယ်ရောက်ရတယ်။ တိုက်ပွဲမဖြစ်ရင်တော့ ကောင်းတာပေါ့။ အခု ပေါက်တောမှာ နေ့တိုင်းလိုလို မီးလောင်နေတာကိုမြင်ရတော့ ဝမ်းနည်းမိတယ်။

မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here