သထုံတွင် အိမ်ခြေ ၂၀၀ နီးပါးရှိ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ထွက်ပြေးနေကြရ

0
99

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စု၊ ကျုံမိန်ကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ နေ့ရောညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ နီးပါး၊ လူဦးရေ ၁၂၀၀ ကျော် နေထိုင်သည့် ကျုံမိန်ကျေးရွာမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“အခုက ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ လက်နက်ကြီးက နေ့တိုင်နီးပါး ကျနေတာ။ အိမ်တွေလည်း ပျက်စီးတာတွေ ရှိနေတယ်။ ပြေးရတာတော့ တစ်ရွာလုံးပဲ။ အိမ်စောင့်တွေလောက်ပဲ ကျန်တယ်” ဟု ကျုံမိန်ကျေးရွာခံတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းနေသည့် ကျုံမိန်ကျေးရွာထဲသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြီး သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ နေ့စဉ်နှင့်အမျှ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီးရန်ကြောင့် ကျုံမိန်ဒေသခံများ ဘေးလွတ်ရာနေရာများနှင့် ကျောက်တောင်ဂူတို့ တွင် ပုန်းခိုနေထိုင်နေရပြီး အခြေခံစားနပ်ရိက္ခာများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယင်းအပြင် ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်၏ ထုတ်ပြန်ချက်အရ ကျုံမိန်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် နော်ဖောတမဲ သေဆုံးပြီး၊ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ဒေသခံ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားသည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

ကျုံမိန်ကျေးရွာထဲသို့ သထုံအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမှတ် ၄၀၂၊ အမြှောက်တပ် အမှတ် ၅၀၂၊ အမှတ် ၂၀၆ ခြေမြန်တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု KNU သထုံခရိုင်က ပြောဆိုထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here