စစ်ကောင်စီနာလန်မထူနိုင်ရေး ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများလုပ်ဆောင်ရန် နိုင်ငံတကာသို့ KNU တိုက်တွန်း

0
195
Photo - KNU

နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ အပါအဝင် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်၍ ယိုယွင်းလာနေသော စစ်အာဏာရှင်စနစ် နာလန်မထူနိုင်ရေး ယခင်နှစ်များကထက် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများ လုပ်ဆောင်ရန် KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက တိုက်တွန်းပြောဆိုသည်။

ယနေ့အချိန်ထိ စစ်ကောင်စီရပ်တည်နေနိုင်ခြင်းမှာ နိုင်ငံတကာက ပြင်းထန်သော ပိတ်ဆို့မှုများ မလုပ်ဆောင်ခြင်းကြောင့် ဖြစ်သလို ၎င်းတို့ရပ်တည်မှုနှင့် စစ်ရေးလုပ်ဆောင်မှုများအား အထောက်အပံ့ ဖြစ်စေသည့် ဝင်ငွေလမ်းကြောင်းများအား တားမြစ်အရေးယူရန် ပဒိုစောတောနီးက ဇန်နဝါရီ ၁ ရက်နေ့က KNU (ဗဟို) ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်လွှင့်‌သော ပြည်သူလူထုအတွက် နှစ်သစ်ကူး သတင်းစကား ရုပ်သံတွင် ထိုသို့ထည့်သွင်း တိုက်တွန်းထားခြင်းဖြစ်သည်။

“စစ်အာဏာရှင်စနစ်က ပျက်စီးယိုယွင်းနေတာကို မျက်မြင်တွေ့နေရပြီး နိဂုံးမချုပ်ရသေးတာက သူတို့ရပ်တည်ဖို့ အသုံးပြုနေတဲ့ သဃံဇာတ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်းစတဲ့ ဝင်ငွေလမ်းကြောင်းနဲ့ လေယာဉ်ဆီတွေကို ပိတ်ဆို့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျနော်တို့နဲ့အတူ ရပ်တည်ပြီး ဒီထက်ပိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ လုပ်ဖို့ လိုပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ စစ်အုပ်စု နာလန်မထူ‌နိုင်ရေး၊ စစ်ရေးဘက်မှာ ဒီထက်ပိုမလုပ်ဆောင်နိုင်ရေး ပြင်းထန်တဲ့ ပိတ်ဆို့မှုလုပ်ဖို့ တောင်းဆိုလိုပါတယ်” ဟု ပဒိုစောတောနီးက ထိုရုပ်သံအစီအစဉ်တွင် ဆိုထားသည်။

၂၀၂၄ ခုနှစ်သည် ကရင့်တော်လှန်ရေး ၇၅ နှစ် ပြည့်မြောက်သော နှစ်တစ်နှစ်ဖြစ်သလို ကေအဲန်ယူအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း လူမျိုးတုံး သတ်ဖြတ်ခံရမှုကို ရင်ဆိုင်နေရသော ပြည်သူများနှင့်သာမက ပါလက်စတိုင်းနှင့် ယူကရိန်းကဲ့သို့ ကမ္ဘာ့နိုင်ငံများမှ ရက်စက်ကြမ်းကြုတ်မှုကို တွေ့ကြုံခံစားနေရသည့် ပြည်သူများနှင့်အတူ ရပ်တည်မည့်အကြောင်း KNU က ၎င်းတို့၏ရပ်တည်ချက်ကိုလည်း ရှင်းပြပြောသည်။

ထို့အတူ စိန်ခေါ်မှုနှင့် အခွင့်အရေးကောင်းများ ရှိနေသော ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီပြုတ်ကျရေး KNU က မြန်မာပြည်သူလူထုနှင့်အတူ တသားတည်း ရပ်တည်နေသလို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့်လည်း လိုက်ပါရပ်တည်ကြရန် ပဒိုစောတောနီးက ဆက်လက်တိုက်တွန်းထားသည်။

“၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှုနဲ့ ပြည့်နေသလို အခွင့်အရေးကောင်းတွေလည်း တည်ရှိနေပါတယ်။ စစ်ကောင်စီ ပြိုလဲတဲ့အထိ တိုက်ပွဲဝင်ဖို့ ပြည်သူတွေဆီကပဲလာတဲ့ အင်အားက ကျနော်တို့မှာ ရှိနေပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကလည်း ပြည်သူနဲ့အတူ လိုက်ပါရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ ဝိုင်းဝန်းတိုက်ပွဲဝင်ကြပါ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လူဦးရေ ၂ သန်း ခန့်သည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေပြီး ၎င်းတို့အား ထိရောက်သော အကူအညီများပေးရန်လည်း ကေအဲန်ယူက အဆိုပါနှစ်သစ်ကူးသတင်းစကား ရုပ်သံတွင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအေဂျင်စီများအား တောင်းဆိုထားသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here