“လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာမျိုးကိုတော့ အလွယ်တကူ မေ့ပျောက်လို့ရတဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး ပေါ့နော်။ ဆက်ပြီးတော့မှ ကျူးလွန်သူတွေ ဆက်လက်ကျူးလွန်နိုင်အောင် အခွင့်အရေးပေးသလို ဖြစ်တယ်။ အဲဒါကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကျွန်တော်တို့က အဆုံးသတ်ဖို့လိုပါမယ်” IEC အတွင်းရေးမှူးဦးဗညား

0
78
ပုံစာ - IEC အတွင်းရေးမှူးဦးဗညား

စစ်ကောင်စီတပ်ကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲထားတဲ့အခြေအနေ၊ ကရင်နီပြည်နယ်ထဲက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) အတွင်းရေးမှူးဦးဗညားနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က အသက်မပြည့် သေးတဲ့ ကလေးငယ်တွေ၊ အမျိူးသမီးတွေ၊ Save The Children ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူ ၄၀ ကျော် မီးရှို့သတ်ဖြတ်ခံရတာ အခုဆိုရင် ၂ နှစ် ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အရပ်သားပြည်သူ အမြောက်အများကို အစုံအလိုက်အပြုံအလိုက် မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ အမှတ်(၁၀၈) ခြေမြန်တပ်ရင်းကတော့ ပြစ်ဒဏ်ကျခံခြင်းမှ ကင်းလွတ်နေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အတွက် စစ်ကောင်စီတပ်ကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲထားတဲ့ အခြေအနေ၊ စစ်ကောင်စီ တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု၊ ကရင်နီပြည်နယ်ထဲက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) အတွင်းရေးမှူး ဦးဗညားနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ အရပ်သားပြည်သူတွေ အစုံအလိုက်အပြုံအလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ မိုဆိုဖြစ်စဉ်ဟာ အခုဆိုရင် ၂ နှစ် ပြည့်သွားပြီးဆိုတော့ IEC အနေနဲ့ ဘာတွေများ လုပ်ဆောင်နေတာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ IEC အနေနဲ့ကတော့လည်း ဒီထုတ်ပြန်ချက်လည်းထုတ်ထားပြီးသား ဖြစ်တာပေါ့နော်။ အချုပ်အဖြစ်ပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီမိုဆိုကေ့စ်ကတော့ IEC မပေါ်ကတည်းက ဖြစ်သွားတဲ့ကေ့စ် ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုပြောပြော ပြည်နယ်အုပ်ချုပ်ရေးကောင်စီအနေနဲ့ကတော့ ပြည်နယ်သူပြည်နယ်သားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုတော့ ကျွန်တော်တို့က အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်။ အဲဒီအတွက်ကြောင့်မို့ ကာကွယ်ပေးတဲ့နေရာမှာလည်း တရားမျှတမှုကိုလည်း ကျွန်တော်တို့ ဖော်ဆောင်မယ်။ အားလုံးအတွက်ပေါ့လေ။ အဲဒီအတွက် ကျွန်တော်တို့က ရှိနေပြီးသားကေ့စ်တွေ ဆိုပေမဲ့လည်း ဒီဟာကို ဆက်ပြီးတင်ပို့မယ်။ ပြီးရင် လူထုတွေရဲ့ ပြည်နယ်သူပြည်နယ်သားတွေရဲ့ တရားမျှတမှုတွေကို ကျွန်တော်တို့က စွမ်းစွမ်းတမံ စွမ်းဆောင်သွားမယ်။

တချိန်တည်းမှာပဲ ဒီအာဏာရှင်စနစ်ပြုတ်ကျပြီးတော့မှ လူ‌ထုတွေတောင့်တတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ယန္တရား အမြန်ဆုံးဖော်ဆောင်ဖို့အတွက် ဆက်လက်ကြိုးစားသွားမယ်။ ဘာဖြစ်လို့ အဲဒါကို ဆက်တိုက် လုပ်ရလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ တရားမျှတမှုကို ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံတကာအဆင့်မှာသွားနေတဲ့ အပိုင်းတွေရှိတယ်။ တချိန်တည်းမှာပဲ ကိုယ့်ရဲ့နိုင်ငံအတွင်းထဲမှာလည်း တရားမျှတမှုကို ဖော်ဆောင်ဖို့ ကျွန်တော်တို့လိုတယ်။ အဲဒါကြောင့် ဒီအမြန်ဆုံး စစ်အာဏာရှင်ကျဆုံးမှုနဲ့အတူ တရားမျှတမှုကို ကျွန်တော်တို့က ဖော်‌ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ပြည်နယ်မှာ ဖြစ်ပွားတဲ့ မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုကိုမဆို တရားမျှတမှုကို ဖော်ဆောင်ဖို့အတွက် ကတိကဝတ် ပြုထားတာလည်း ရှိပါတယ်ခင်ဗျ။

မေး။ ။ မိုဆိုဖြစ်စဉ်အတွက် နိုင်ငံတကာမှာ တရားစွဲတာတွေ၊ သက်သေတွေ တင်ပြတဲ့အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီမိုဆို case နဲ့ ပတ်သတ်ပြီးတော့မှ ကျွန်တော်တို့ လက်လှမ်းမီသလောက်ပေါ့နော်၊ ဒီဟာကလည်း အားလုံးသိတဲ့အတိုင်းပဲ။ IEC မပေါ်ခင်ကတည်းက ဖြစ်ထွန်းတဲ့ဖြစ်စဉ်ပေါ့နော်။ လောလောဆယ်အရ ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ ပြည်နယ်မှာရှိတဲ့ ဒီလူ့အခွင့်ရေး၊ ပြည်နယ်လူ့အခွင့်ရေးပေါ့နော်။ ပြည်နယ်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကတော့ ဂျာမနီမှာ အမှုစွဲဆိုတင်ခဲ့တာရှိပါ တယ်။ ဒါကလည်း ဒီမြန်မာနိုင်ငံမှာရှိတဲ့ တခြားတခြားသော ကျွန်တော်တို့လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပေါင်းပြီးတော့မှ ဂျာမနီမှာတင်ပြခဲ့တဲ့ကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ကံအားလျော်စွာ ဒီအမှုကိုစွဲတင်တဲ့ အမှုဖြစ်စဉ် တစ်ခုလုံးကို ဂျာမနီတရားရုံးက လက်ခံဖို့ မရှိတော့ဘူးပေါ့နော်။ သူတို့က ပယ်ချတဲ့ပုံစံမျိုး ဖြစ်သွားတယ်။

နောက်တစ်ခုက ကျွန်တော်တို့ အရင်တုန်းက KSP ပေါ့နော်။ အခုတော့ KSP ကတော့ IEC ပြည်ထဲရေးဌာန လက်အောက်မှာ ရဲတပ်ဖွဲ့အနေနဲ့ ရှိတာပေါ့နော်။ အရင်တုန်းကတော့ IRKSP အနေနဲ့ KSC ဆက်စပ်ပူးပေါင်း ပြီးတော့မှ ပြည်ထောင်စုအဆင့်မှာရှိတဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနပေါ့နော်။ NUG ရဲ့ လူ့အခွင့်ရေးဌာနမှာ ပူးပေါင်းပြီးတော့မှ ဒီဩစတေးလျနိုင်ငံမှာ ကျွန်တော်တို့ Process အတိုင်း တရားစွဲဆိုမှု လုပ်ခဲ့တယ်။ ဒါပေမဲ့ ခုချိန်ကတော့ အတိအကျ ဘာမှမကြားရသေးဘူးပေါ့။ ဒီဟာကတော့ လောလောဆယ်ပေါ့။ အခြားတဘက်မှာ လည်း အကယ်၍များ နိုင်ငံတစ်နိုင်ငံ လက်ခွဲတစ်ခုခုကနေ လက်ခံပြီဆိုရင် အဆင်သင့်ဖြစ်အောင်ဆိုပြီးတော့မှ ရသလောက် သေဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို ယူပြီးတော့မှ DNA စစ်တဲ့ Process တွေကိုလည်း ကျွန်တော်တို့လုပ်ထားတာတွေ ရှိပါတယ်ခင်ဗျ။

မေး။ ။ အဲဒီဖြစ်စဉ်နောက်ပိုင်းမှာရော စစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ် ဘယ်လိုလူ့အခွင့် အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေလဲ။

ဖြေ။ ။ အခြေခံအားဖြင့် စစ်ကောင်စီကတော့ သူတို့ကျုးလွန်မြဲကျုးလွန်တဲ့ အတိုင်းပေါ့နော်။ ဆက်ပြီး အရင် ပုံစံအတိုင်းလည်းရှိပါတယ်။ အမှုဖြစ်တာက ၂၀၂၁ မှာ ဖြစ်တယ်။ ၂၀၂၂ ထဲမှာလည်း ရပ်ကွက်ထဲမှာလည်း လူအစုလိုက်၊ အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီးတော့မှ အိမ်သာကျင်းထဲထည့်တာ ရှိတယ်။ နောက်ပြီးတော့ ၂၀၂၃ ထဲမှာလည်း မိုးဗြဲထဲမှာ လူအများစုကို အိုးအိမ်ကဖမ်းဆီးပြီးတော့မှ ရပ်ကွက်ထဲဝင်ရောက် ဖမ်းဆီးပြီးတော့မှ သတ်ဖြတ်တာတွေ ရှိတယ်။ အဓမ္မပြုကျင့်မှုတွေ ရှိတယ်။ အစုလိုက်အပြုံလိုက်တွေ ဆက်တိုက်ဖြစ်နေတာ ရှိတယ်။

ထို့အတူ ဒီကာလ ၂၀၂၁, ၂၀၂၂ ကြားမှာလည်း ကျွန်တော်တို့ မော်စကိုခြောက်မိုင်မှာဆိုရင်လည်း လူလေးငါးခြောက်ယောက်ကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ဆက်တိုက်ကျူးလွန်တာ ရှိတယ်ပေါ့နော်။ အဲဒီတော့ အဖြစ်အားဖြင့်ပြောကြည့်မယ်ဆိုရင် စစ်ကောင်စီကတော့ သူတို့လုပ်နေကျအတိုင်း လူထုတွေကို အကြောက်တရား ထိုးသွင်းနိုင်အောင်ဆိုပြီးတော့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်တယ်။ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်တာတွေတော့ ဆက်တိုက်ကျူးလွန်တာ ရှိတယ်ပေါ့နော်။ ဒါကတော့ ခုချိန်အထိ လုံးဝ ပြောင်းလဲသွားတဲ့ အ‌ခြေအနေတစ်ရပ် မရှိသေးဘူး။ သူတို့ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကတော့ ဆက်လက် တည်မြဲနေတယ်လို့တော့ ပြောလို့ရတယ်ခင်ဗျ။

မေး။ ။ မိုဆိုဖြစ်စဉ်ကို အမှတ်ရပြီး ဒီကာလတွေမှာ ဘာတွေကိုသတိထားလာရပါလဲ။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ နှစ်နှစ်ပြည့် IEC မှာတော့ KSCC မှာရော၊ KSIP မှာရော၊ နှစ်နှစ်ပြည့် ထုတ်ပြန်ချက်တွေ၊ သဝဏ်လွှာတွေ ထုတ်ပြန်ခဲ့ကြတာ ရှိပါတယ်။ အခြားတဘက်မှာလည်း ဒီနှစ်နှစ်ပြည့်မှာပဲ ကျွန်တော်တို့ ဒီမှာရှိနေတဲ့ IEC အဖွဲ့တချို့ရယ်၊ နောက် KSP က ရဲဘော်တွေရယ်၊ KSCC ရဲ့ တာဝန်ရှိသူတချို့ရယ်၊ တချို့ ဘာသာရေးခေါင်းဆောင်တွေ၊ သေဆုံးသွားသူ‌တွေရဲ့ မိသားစုတချို့ရယ်၊ ရပ်မိရပ်ဖတချို့နဲ့ ပူးပေါင်းပြီးတော့ ဆုတောင်းမေတ္တာပို့မှုတွေ ကျွန်တော်တို့တွေရဲ့ မဆုတ်မနစ် ကြိုးစားနေတဲ့ လုပ်ငန်းစဉ်တွေကို လူထုနဲ့အတူ ရပ်တည်တဲ့ Event အသေးလေးတစ်ခုတော့ ကျွန်တော်တို့ လုပ်ခဲ့တာရှိပါတယ်။

ဘာကြောင့်လုပ်လဲဆိုတော့ ကျွန်တော်တို့ ကျူးလွန်ခံရသူတွေရဲ့မိသားစုဝင်နဲ့အတူ ကျွန်တော်တို့ ရှိနေတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားတွေအပေါ် ဒီတစ်ခုအနေနဲ့ ဖြစ်စေ၊ လူသားတစ်ယောက်အနေနဲ့ ဖြစ်စေ ကျူးလွန်ခြင်းအောက်မှာ ခံရသူတွေရဲ့မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့အတူ တည်ရှိပြီးမှ လွပ်လပ်မှု၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်တဲ့နေရာမှာ အားကောင်း မောင်းသန်မှုစနစ် အတူတကွတည်ထောင်မယ်ဆိုတဲ့ ကတိတခုကို ကျွန်တော်တို့ပြခြင်း ဖြစ်တယ်။

နောက် တစ်ခုကတော့ ကျွန်တော်တို့ကတိကဝတ် ပြုထားတာက ဒီမတရားမှုတွေရယ်၊ အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ကျွန်တော်တို့က ဆက်လက်ချီတက်သွားမယ်။ ကျွန်တော်တို့ ဒီမိုကရေစီစနစ် အားကောင်း ပြီးတော့မှ ဖယ်ဒရယ်ကိုအခြေပြုတဲ့ ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်သွားမယ်။ လူထုတွေ တစ်ယောက်ခြင်းစီရဲ့ အခြေခံအခွင့်ရေးကို ကျွန်တော်တို့ အာမခံဖို့ရှိအောင် နောက်နောင် နောက်ထပ် နောက်ထပ်သော လူ့အခွင့်ရေးချိုးဖောက်မှုတွေ မဖြစ်အောင်ဆိုတဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ တရားစီရင်ရေးနစ်ကို အတူသွားကြမယ်။ တရားမျှတမှုကို အားလုံးအတွက် ပြန်လည်ပေးဆပ်မယ်ဆိုတဲ့ ကတိကဝတ်တစ်ခုကိုလည်းပြခြင်း ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ မိုဆိုဖြစ်စဉ်ရော တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားတွေ အတွက်ရော၊ လက်ရှိအရပ်သားပြည်သူတွေအတွက်ပါ ဖြည့်စွက်ပြောချင်တာရှိရင်ပြောပြပေးပါဦး။

ဖြေ။ ။ သေချာတာတစ်ခုကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာမျိုးကိုတော့ အလွယ်တကူ မေ့ပျောက် လို့ရတဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူးပေါ့နော်။ ဆက်ပြီးတော့မှ ကျူးလွန်သူတွေ ဆက်လက်ကျူးလွန်နိုင်အောင် အခွင့်အရေးပေးသလို ဖြစ်တယ်။ အဲဒါကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကျွန်တော်တို့က အဆုံးသတ်ဖို့လိုပါမယ်။ ဒါမှသာလျင် အပြန်အလှန်လေးစားသမှု ဖြစ်ပြီးတော့မှ ကျွန်တော်တို့ အခြေခံလူ့အခွင့်အရေး ဒီမိုကရေစီကျင့်စဉ် တွေကို ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဆက်ပြီး ရပ်တည်တိုက်ခိုက်သွားရမယ်။

ထို့အတူ ကျွန်တော်တို့ရပ်တည်ချက်တွေ၊ ဒီမိုကရေစီ လူ့အခွင့်အရေးစံနူန်းတွေက လူတိုင်းအတွက်၊ အားလုံး အတွက် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေအတွက် ဖြစ်စေရမယ်။ အဲဒီအတွက်ကြောင့် လူတစ်စုအတွက်ပဲ ဖြစ်တည်နေတဲ့ အခွင့်ထူးခံစနစ်ကို ပယ်ဖျက်ပြီးတော့မှ နိုင်ငံသူနိုင်ငံသားအားလုံးပါဝင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ စနစ် ထူထောင်မယ်။ လူ့ အခွင့်အရေးကို အပြည့်အဝအာမခံဖို့ရှိတဲ့ စနစ်ကို ထူထောင်နိုင်ဖို့အတွက် ချီတက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ် case မဆို ဘယ်ဖြစ်ရပ်မဆို ကျူးလွန်သူအားလုံးကို တရားဥပဒေကြောင်းအရ တရားမျတမှုကို ပြန်ပေးဖို့အတွက် ဆက်လက်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here