ဆမီးမြို့ပေါ် စစ်ဆင်ရေးတိုက်ပွဲများအား CDF – ပလက်ဝ စတင်ဖော်ဆောင်

0
84

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် စစ်ဆင်ရေးတိုက်ပွဲများကို စတင်ဖော်ဆောင်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ၏ တာဝန်ရှိသူက ပြောသည်။

“ဒီလင်းယုန်တပ်ဖွဲ့နဲ့ပေါ့နော် စစ်ဆင်ရေးလုပ်တာဖြစ်တယ်၊၊ ပြည်သူတွေကို အသိပေးတာပေါ့နော်။ ဆမီးမြို့တွင်း စစ်ဆင်ရေးကို ဘယ်လိုကြောင့် လုပ်လဲဆိုတာတော့ အဲဒါကြတော့ ကျနော်တို့က ကြိုတင်ပြောလို့မရဘူး။ လောလောဆယ်က အစပဲရှိသေးတော့လေနော်” ဟု CDF ပလက်၀မှ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့က ဆမီးမြို့တွင်း ဆေးရုံသစ်အနီးရှိ စစ်ကောင်စီစခန်းတစ်ခုကို CDF- ပလက်ဝ တပ်ရင်း ၁ နှင့် CDF- ပလက်ဝ၏ လက်အောက်ခံ လင်းယုန်တပ်ဖွဲ့တို့က စတင်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ၁ နာရီ ကြာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆေးရုံသစ်အနီးရှိ စစ်ကောင်စီတပ်သည် ဆမီးဗျူဟာကုန်းဘက်သို့ တပ်ဆုတ်ခွာသွားပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်းနှင့် CDF – ပလက်ဝဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်ထဲတွင် စခန်းသိမ်းစစ်ဆင်ရေးများ ဖော်ဆောင်နေသည့် ရက္ခိုင်တပ်တော် (AA) ကလည်း စစ်ကောင်စီ၏ အခိုင်အမာစစ်စခန်းဖြစ်သည့် ဆမီးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင်တပ်တော် (AA) က ဒီဇင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။

ရက္ခိုင်တပ်တော်(AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူ အများအပြားဖြင့် အပြင်းအထန်ခုခံခဲ့ခြင်းကြောင့် ဆမီးဒေသခံ အားလုံးနီးပါးသည် အိုးအိမ်စွန့်ခွါ ထွက်ပြေး တိမ်းရှောင်ကြရဆဲ ဖြစ်သည်။

ဆမီးမြို့ စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင်တပ်တော် AA က တိုက်ခိုက်ပြီး နှစ်ပတ်ခန့်အကြာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က ဆမီးမြို့ပေါ်တိုက်ပွဲများကို စတင်ဖော်ဆောင်လာခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ် အခိုင်အမာစခန်းချထားသည့် “တရွန်အိုင်”၊ နှုံးဘူး” ဗျူဟာကုန်းကြီးများ အပါအဝင် စခန်းပေါင်း ၁၇ ခု ထက်မနည်းကို ၄၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် (AA) က ဒီဇင်ဘာလ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။

ဆမီးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်က စတင်တိုက်ခိုက်မှုကြောင့် ဆမီးမြို့ပေါ်တွင် စစ်ရှောင်နေသူများနှင့် မြို့ခံများအားလုံးသည် လက်ရှိတွင် နီးစပ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

လက်ရှိတွင် ဆမီးဒေသ၌ စစ်ဘေးရှောင်အသစ်နှင့် စစ်ဘေးရှောင်အဟောင်း စုစုပေါင်း စစ်ရှောင် ၁ သောင်းကျော် ရှိနေပြီး ၎င်းတို့မှာ မည်သည့်ပစ္စည်းမှယူချိန်မရဘဲ စစ်ဘေးရှောင်ပြေးရသောကြောင့် အခြေခံစားဝတ်နေရေးမှာ တစ်ရက်ထက်တစ်ရက် ပိုမိုခက်ခဲလာနေကြောင်း သိရသည်။

ဆမီးမြို့နှင့် နီးစပ်ရာကျေးရွာများက ဒေသခံပြည်သူများအား သတိဝိရိယဖြင့် သွားလာကြရန်နှင့် တောတောင်ထဲ အမဲလိုက်ခြင်းများ မပြုလုပ်ကြရန် CDF – ပလက်ဝ၊ သတင်းနှင့်ပြန်ကြားရေးဌာန သတိပေးထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here