NUG ၏ ပထမဆုံးသောမြေပြင်ဘဏ် ကောလင်းမြို့တွင် ဖွင့်လှစ်မည် 

0
112
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်မြို့တစ်ခုဖြစ်သည့် ကောလင်းမြို့တွင် နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ၏ မြေပြင်ဘဏ်ခွဲတစ်ခုကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် SDB ၏ လူမှုကွန်ရက်စာမျက်နှာမှ ကြေညာခဲ့သည်။ 

ကောလင်းမြို့ကို ဒေသကာကွယ်ရေးတပ် PDF များနှင့် တိုင်းရင်းသား မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ထားပြီး ၂ လ နီးပါးအကြာတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ကောလင်းမြို့တွင် နွေဦးဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်ဝန်ဆောင်မှုများကို အွန်လိုင်းကတင်မကဘဲ မြေပြင်မှပါ ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင် ကြိုးစားလာခြင်းဖြစ်ကြောင်း သိရသည်။
“အခုက ကောလင်းကနေ ငွေလွဲငွေထုတ်တွေက Kpay ကနေပဲ လုပ်နေကြတယ်။ ဆိုင်တွေကတော့ တော်တော် ပြန်ဖွင့်ပြီး လည်ပတ်နေပြီ။ သူတို့ (NUG) ဘဏ်တွေကတော့ မကြားမိသေးဘူး” လို့ ကောလင်းမြို့တွင် ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောဆိုသည်။
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) သည် ဒီဂျစ်ဒယ်ဘဏ်အဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့၌ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှု တချို့ကို ပေးအပ်နေခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ မြန်မာကျပ်ငွေ သန်းပေါင်း ၉၅၀ ကျော်နှင့် ပုဂ္ဂလိကဘဏ်များမှ ကျပ် ၄၄ ဘီလီယံကျော်ကို သိမ်းဆည်းထားကြောင်း NUG ၏ ကြားကာလ ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်းတွင် NUG တိုက်ခိုက်သိမ်းပိုက်ထားသည့် ကောလင်းမြို့နယ်တွင်သာ  အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီး ကျန်ရှိသည့် မော်လူးမြို့ နှင့် ရွှေပြည်အေးမြို့တို့တွင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here