တရုတ်-မြန်မာ အမုန်းမီးပွားအောင် စစ်ကောင်စီ ရန်တိုက်ပေးနေဟု NUG စွပ်စွဲ

0
214

၁၀၂၇ စစ်ဆင်ရေးမှ စတင်လိုက်သည့် စစ်ဆင်ရေးများကြောင့် အဖက်ဖက်တွင် ရှုံးနိမ့်လာနေသော စစ်ကောင်စီတပ်သည် လူမျိုးရေးကိုအခြေခံပြီး တရုတ်-မြန်မာ အမုန်းမီးပွားအောင် မှိုင်းတိုက်လုပ်ဆောင်လာနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်ခဲ့သည့် ၃၇/၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယခုအခါ စစ်ကောင်စီဟာ စစ်ရေးအရှုံးတွေနဲ့ တလှိုင်းပြီးတလှိုင်း ခံနေရပြီး နောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာ အကြား လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက်လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။ ကျနော်တို့ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ သံခင်းတမန်ခင်းအရ ဆက်သွယ် ဆောင်ရွက်ကြတဲ့အခါ၊ စစ်ကောင်စီရဲ့ လူမျိုးရေး သွေးထိုးမှုကို သတင်းမက်ဆေ့ချ် ပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့စစ်အုပ်စု အကျိုးစီးပွားအတွက်ဆိုရင် ဘယ်လိုမသမာမှုမျိုးကိုမဆို ကျူးလွန်ဖို့ အဆင်သင့် ရှိနေပါတယ်။ ပြည်တွင်းမှာလည်း လူမျိုးရေးသွေးခွဲပြီး ဘာသာရေး မှိုင်းတိုက်တာတွေကို လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေသလို၊ အခုလည်း တရုတ်နဲ့ လူမျိုးရေးသွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ထင်ရှားပါတယ်” ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီက လူမျိုးရေးကို အခြေခံပြီး တစ်ဖက်နှင့်တစ်ဖက်ကြား မုန်းတီးမှုများ၊ ပဋိပက္ခများ ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေသည့်အပြင် ဘာသာရေးကို အခြေခံသော သွေးထိုးလှုံ့ဆော်မှုများကိုလည်း လုပ်ဆောင်ခဲ့သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ NUG အစိုးရ၏ ၃၇/၂၀၂၃ အစည်းအဝေးတွင် ပြောဆိုထားသည်။

လက်ရှိတွင် တရုတ်နှင့် မြန်မာလူမျိုးတို့ကို အခြေခံပြီး မှိုင်းတိုက်လုပ်ဆောင်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ သတိရှိကြရန် NUG ယာယီသမ္မတက သူ၏ မိန်ခွန်းထဲတွင် သတိပေးထားသည်။

“ပြည်မဒေသမှာလည်း ရိုးသားတဲ့ဗမာ တိုင်းရင်းသားလူထုကို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော် တာမျိုးတွေကို စစ်အစိုးရ အဆက်ဆက်က ဟိုးယခင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ဗမာလူထုဟာ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တာကို သိနားလည်ကြပြီဖြစ်လို့၊ စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေ မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ယခုလည်း စစ်ကောင်စီက မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်” ၎င်းက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများနှင့် မြို့များကို စတင်တိုက်ခိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် MNDAA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့က စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီမှာ ၎င်းတို့၏ တပ်စခန်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ပူးပေါင်းစစ်ဆင်ရေး၌ အောင်မြင်မှုများကို ယူဆောင်ပေးသည့်အတွက် ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ နောက်ထပ် ပူးပေါင်းစစ်ဆင်ရေးများ ထပ်မံပေါ်ပေါက်လာဖို့ မျှော်လင့်သည်ဟု NUG ယာယီ သမ္မတက ပြောဆိုသည်။

“တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးအောင်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲနဲ့ထပ်တူဖြစ်တယ်လို့ ကျနော်တို့အားလုံး ယူဆလက်ခံပြီး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး အတွက် ဦးတည်တဲ့ မည်သည့်တော်လှန်ရေးမျိုးမဆို ကျနော်တို့အားလုံးဟာ ဝမ်းမြောက်စွာ ကြိုဆိုပွေ့ဖက်ကြဖို့ အမြဲအသင့်ရှိနေရမယ်လို့ ပြောချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဖြစ်ထွန်းလာမယ့် စစ်ဆင်ရေး အရပ်ရပ်မှာလည်း ပူးပေါင်းစစ်ဆင်ရေးတွေ အမြောက်အမြားပေါ်ထွန်းဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ၁၀၂၇ စစ်ဆင်ရေးက ပြသလိုက်တဲ့ စစ်ရေးအောင်ပွဲကြောင့် ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ၎င်းက ဆိုသည်။

စစ်စခန်းများနှင့် မြို့များကို ဆုံးရှုံးလိုက်ရသည့်နောက်တွင် စစ်ကောင်စီတပ်က တရုတ်-မြန်မယ်နယ်စပ်ရှိ တော်လှန်ရေးအင်အားစုများ ဖော်ဆောင်နေသော တိုက်ပွဲများ၊ စစ်ဆင်ရေးများ၏ နောက်ကွယ်တွင် တရုတ်အစိုးရ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု စစ်ကောင်စီဝါဒဖြန့် လောဘီများက တရုတ်နှင့် မြန်မာအကြား အမုန်းပွားစေခြင်းများ၊ ပဋိပက္ခများဖြစ်ပွားအောင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလုပ်ဆောင်လျက် ရှိသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here