ရေဖြူ၊ ကံပေါက်ရွာမှ ဆိုင်ကယ်ပြင်သူနှစ်ဦးကို မောရဝတီရေတပ် ဖမ်းဆီး

0
182

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူနှစ်ဦးကို မောရဝတီ ရေတပ်ဌာနချုပ်က လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကံပေါက်ကျေးရွာ၊ လှည်းကုန်း အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ကိုအောင်ခက်နှင့် အမှတ် (၂) ရပ်ကွက်မှ အသက် ၃၀ နှစ်အရွယ် ကိုပိုင်ပိုင်ဆိုသူတို့ ဖြစ်ကြသည်။

စစ်ကောင်စီ၏ မောရဝတီရေတပ်ဌာနချုပ်မှ အင်အား အများအပြားပါဝင်သည့် စစ်ကား ၃ စီးဖြင့် ၎င်းတို့၏ နေအိမ်များသို့ရောက်လာပြီး နိုဝင်ဘာလ ၃၀ ရက်နေ့၊ ည ၁၁နာရီခန့်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ကံပေါက်ရွာသားတစ်ဦးက အခုလို ပြောသည်။

“ကိုအောင်ခက် အိမ်ကို အရင်ဝိုင်းထားပြီးမှ ခြံစည်းရိုးမှာ ခတ်ထားတဲ့ သံဆူးကြိုး တွေကို ဖျက်ဆီးကျော်ဖြတ်ပြီး ဝင်ဖမ်းတာပါ။ အိမ်ထဲမှာလည်း အချိန်ကြာကြာ စစ်ဆေးနေပြီးမှ မနက် ၂ နာရီထိုးမှာ ဖမ်းခေါ်သွားတယ်။ ပြီးမှ ကိုပိုင်ပိုင်ကိုလည်း နေအိမ်မှာ တစ်ခါတည်း ဝင်ဖမ်းသွားတယ်” ဟု ၎င်းက ပြောပါသည်။

ဖမ်းဆီးခံရသူ နှစ်ဦးစလုံးကို မောရဝတီ ရေတပ်စခန်းဌာနချုပ်အတွင်း ဖမ်းဆီးစစ်ဆေးနေပြီး လာရောက် ဖမ်းဆီးစဥ်က မိသားစုဝင်များကို ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်း မပြုကြရန်လည်း မှာကြားခဲ့ကြောင်း ဆွေးမျိုးနီးစပ်သူများက ပြောပြသည်။

ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုပိုင်ပိုင်မှာ စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်း မောရဝတီ ရေတပ်မှ ၂ ကြိမ် ခေါ်ယူစစ်ဆေးခြင်း ခံရဖူးသူဖြစ်ကြောင်း ရွာသားများက ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုအောင်ခက်နှင့် ကိုပိုင်ပိုင်တို့မှာ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရရှိသေးသည့် အပြင် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးဟု ဆိုကြသည်။ ၎င်းတို့နှစ်ဦး အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

မောရဝတီ ရေတပ်ဌာနချုပ်သည် အုန်းပင်ကွင်းကျေးရွာတွင် အခြေစိုက်တည်ရှိပြီး ကံပေါက်ဒေသ အနီးတဝိုက် ပေါက်ကွဲမှုများနှင့် တိုက်ခိုက်ခံရမှုများ ဖြစ်ပေါ်တိုင်း ဒေသခံရွာသားများအား ဖမ်းဆီးစစ်ဆေးလေ့ ရှိသည်ဟု ဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here