နိုင်ငံရေးတက်ကြွသူ အမျိုးသမီးတစ်ဦး ထောင်ဒဏ်အနှစ် ၂၀ ချခံရ

0
161

စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပုသိမ်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်သည်ဟု ပုသိမ်ခရိုင် တရားရေးဌာန အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးက “ပုသိမ်ခရိုင် တရားသူကြီးက အမိန့်ချတာပါ၊ ကလေးမလေးကတော့ ရုံးတော်မှာ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ဖြောင့်ချက်ပေးတာ ဝန်ခံတာ မလုပ်ခဲ့ဘူး။ ကလေးမ ပြောတာက သတ်ချင်သတ်၊ ထောင်ချချင်ချ၊ ဘာကိုမှ အပြစ်ရှိတယ်လို့ ဝန်မခံဘူးဆိုတာပဲ” ဟု ပြောသည်။

ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် စမ်းခြံရပ်၊ မဟာဗောဓိလမ်းတွင် နေထိုင်သော မချစ်စုထွန်း (ခေါ်) မချစ်ပုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အကြမ်းဖက်မှုအပြင် PDF နှင့် CDM များကို ထောက်ပံ့မှု၊ ပုသိမ်မြို့ နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဗုံးဖေါက်ခွဲမှုများနှင့် ပတ်သက်၍ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်းတို့၏ လက်အောက်ခံတရားရုံးတွင် စွပ်စွဲတိုင်ကြား အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုသို့ထောင်ဒဏ် ၂၂ နှစ် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

မချစ်စုထွန်း (ခေါ်) မချစ်ပုကို အကြမ်းဖက်မှု ပုဒ်မ အပါအဝင် ပုဒ်မ ၃ ခု ဖြင့် တဘက်သတ်စွပ်စွဲပြီး ထောင်ဒဏ် ၂၂ နှစ် အမိန့်ချလိုက်သော်လည်း ချုပ်ရက်များအတွက် လျှော့ပေါ့ခံစားခွင့် မရကြောင်း တရားလွှတ်တော်ရှေ့နေက ဆက်ရှင်းပြသည်။

ထောင်ဒဏ် ၂၂ နှစ် အမိန့်ချခံရသော မချစ်စုထွန်း (ခေါ်) မချစ်ပုသည် ပုသိမ်တက္ကသိုလ်က B.SC ဘွဲ့ရထားသူ ဖြစ်ပြီး စစ်အာဏာမသိမ်းခင်က လူမှုရေး၊ ရပ်ရေးရွာရေးနှင့် လူ့အခွင့်အရေးကဏ္ဍတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှု ဖြစ်လာချိန်တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒဖေါ်ထုတ်ခဲ့သော နိုင်ငံရေး တက်ကြွလှုပ်ရှားတစ်ဦး ဖြစ်လာသည်ဟု သူမနှင့် နီးစပ်သူ မိတ်ဆွေအချို့က ပြောသည်။

သူမနှင့်နီးစပ်သူတစ်ဦးက “ကောင်မလေးက အရပ်ပုပု လူကောင်သေးသေးဗျ။ ဘွဲ့ရပြီးသား စစ်တပ် အာဏာသိမ်းတော့ အများနည်းတူ ဆန္ဒပြတာတော့ ရှိတယ်။ အခုတော့ ဖမ်းပြီး အကြမ်းဖက် ပုဒ်မတွေနဲ့ ထောင်နှစ် ၂၀ ကျော် ချလိုက်တယ်” ဟု ပြောသည်။

မချစ်စုထွန်း (ခေါ်) မချစ်ပုကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက သူမ၏ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များပါဝင်သော အင်အား ၃၀ ကျော်ခန့်ဖြင့် လမ်းထိပ်နှစ်ဘက်ကို ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ကြခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ပုသိမ်ထောင်တွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်အမိန့်နှင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသားများ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီး ခံထားရသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသား၊အမျိုးသမီး အယောက် ၆၀၀ နီးပါး ရှိနေသည်ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းတချို့က ပြောပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here