မတူပီမှာမြို့အဝင်က စစ်ကောင်စီစခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

0
182
ပုံစာ - စစ်ကောင်စီ ကာကင်းကုန်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့် CDF မတူပီတပ်ဖွဲ့ဝင်များ။

ချင်းပြည်နယ်၊ မတူပီမြို့တွင် စခန်းသိမ်းတိုက်ပွဲအထိ စစ်ရှိန်မြှင့်မည့် ကနေဦးတိုက်ပွဲအဖြစ် မြို့အဝင်မှ စစ်ကောင်စီ ကာကင်းကုန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ကြီးဖြိုးမင်းထက် အပါအဝင် ၇ ဦး သေဆုံးကြောင်း CDF – မတူပီ၊ ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာလ ၁ ရက် မနက် ၉ နာရီခန့်တွင် မတူပီ – မင်းတပ်လမ်းပေါ်ရှိ မတူပီမြို့အဝင်အနီးက စစ်ကောင်စီ ကာကင်းကုန်စခန်းကို သိမ်းပိုက်နိုင်ရန် လက်ဦးမှုယူ၍ စီးနင်းတိုက်ခိုက်ခဲ့သည်ဟု CDF – မတူပီမှ တာဝန်ရှိသူ ပြောဆိုသည်။

“အဓိကက သူတို့စခန်းကို ကျနော်တို့ ဝင်စီးတယ်။ အမှန်က ဝင်စီးပြီးမှ အကုန်လုံးကိုသိမ်းနိုင်ဖို့ ရည်မှန်းခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာထက် သူတို့ဆီမှာ လူအင်အားက နည်းနည်းများသွားတယ်။ ။ လက်ဦးမှုယူပြီးမှ ပစ်နိုင်တဲ့ လူလောက်ပဲ ပစ်တာ၊ အထဲမှာလည်း လူတွေထပ်ရှိမှာဆိုတော့ လူအင်အားချင်း မမျှတာနဲ့ ပြန်ဆုတ်လာခဲ့တယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်ကြီးဖြိုးမင်းထက် အပါအဝင် ၇ ဦး သေဆုံးပြီး MA – 3 (၂) လက်၊ MA – 5 ပစ္စတို (၁) လက်တို့ သိမ်းဆည်း ရရှိခဲ့သည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကို အတိအကျ မသိသော်လည်း လူနာတင်ကာ ၃ စီး သွားရသည်ကို တွေ့ရှိကြောင်းနှင့် CDF – မတူပီမှ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF – မတူပီမှ တာဝန်ရှိသူ၏ ပြောဆိုမှုအရ သိရသည်။

ယင်းကာကင်းကုန်းစခန်းသည် အာဏာမသိမ်းမီက မြို့အဝင်ဂိတ်တစ်ခုမျှသာ ဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီက စခန်းငယ်တစ်ခု အနေဖြင့် အသုံးပြုပြီး ဒေသခံပြည်သူများနှင့် ကားများ အဝင်/အထွက်ကို စစ်ဆေးသကဲ့သို့ ပိုက်ဆံများကို ကောက်ခံနေသော စခန်းငယ်တစ်ခု ဖြစ်သည်ဟု သိရသည်။

“ဒီထက်မက စစ်ရေးအရှိန်မြှင့်ဖို့လည်း အစီအစဉ်လည်းရှိလို့ ဒီဟာတွေကို စပြီးတေ့ာ လုပ်တာဖြစ်တယ်။ ကျနော်တို့က စစ်ရေးက ပိုပြီးတော့အရှိန်မြှင့်သွားဖို့ပဲ ရှိတယ်။ အဓိကက စခန်းသိမ်းတိုက်ပွဲတွေအဖြစ် ကျနော်တို့ ဖော်ဆောင်သွားမယ်” ဟု CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။

မတူပီမြို့ပေါ်နှင့် မြို့နယ်ထဲက ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် လိုအပ်သည်ဟုလည်း CDF – မတူပီက တာဝန်ရှိသူက သတိပေးလျက်ရှိသည်။

မတူပီမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်မှ စစ်သားနှင့် ရဲသားများအနေဖြင့် အလင်းဝင်ကြရန် နောက်ဆုံးအကြိမ် အဖြစ် ဖိတ်ခေါ်ကြောင်း CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် အသိပေးထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here