ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ အပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

0
138
ပုံစာ - စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် အဆောက်အအုံတခု။( Photo - Zotung Federal Council)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်း၊ ဘဏ် အပါအဝင် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင် ၂၀၀၀ ကျော်အား ပြန်လည်နေရာချထားရန် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်သည်။

ရေဇွာမြို့ကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄ လုံးမှာ လုံးဝ ပျက်စီးသွားပြီး နေအိမ် ၆ လုံးနှင့် ZBA Salang ခန်းမဆောင်တို့မှာ ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ် ကောင်စီက နိုဝင်ဘာလ ၃၀ ရက်က သတင်းထုတ်ပြန်သည်။

ထို့အပြင် ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံး၊ ကျောင်း၊ ဘဏ်ရုံး အပါအဝင် နေအိမ်များ စုစုပေါင်း ၆၀ ကျော်သည် အမိုးအကာများ ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက ဆိုသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ဒေသခံပြည်သူ ၂၀၀၀ ကျော် နေရပ်အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် မြို့တွင်းရှင်းလင်းရေးများ ဆောင်ရွက်နေပြီး၊ ပျက်စီးသွားသော နေအိမ်များ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများနှင့် စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ပြောသည်။

ZZLMS ချင်းညီနောင်များဖြစ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang တို့နှင့်အတူ ချင်းအမျိုးသားတပ်မတော် CNF/CNA ၊ CDF မတူပီ တပ်ရင်း ၂ စသည့် ချင်းပူးပေါင်းတပ်ဖွဲ့သည် ZZLMS Operation ဖော်ဆောင်၍ ရေဇွာမြို့ကို နိုဝင်ဘာလ ၂၉ ရက်က အလုံးစုံ သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး တပ်သား၊ ရဲနှင့် မိသားစုဝင် ကလေးများအပါအဝင် ၄၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်က CNF/CNA မှ ရဲဘော် ၁ ဦး၊ CDF Zotung မှ ရဲဘော် ၁ ဦး၊ CDF- Mara မှ ရဲဘော် ၁ ဦးနှင့် CDF- Lautu မှ ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့ပြီး တပ်သား ၅ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

ရေဇွာမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ အပြည်အဝ ပြန်လည်လည်ပတ်နိုင်ရန်နှင့် မြို့ကို ပြန်လည် တည်ဆောက်ရေး လုပ်ငန်များ ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဇိုတုန်ဒရယ်ကောင်စီက နှိုးဆော်ထားသည်။

ရေဇွာမြို့သည် CNA ဦးဆောင်သော ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက တတိယမြောက်မြို့အဖြစ် သိမ်းပိုက်ထိန်းချုပ်လိုက်သောမြို့ ဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တွင် ရှိနေသည့် စစ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေများတွင် မဟာဗျူဟာကျသော ရိခေါဒါရ် မြို့နှင့် လိုင်လင်းပီမြို့ တို့ကိုလည်း ချင်းပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး CNF/CNA နှင့် ဒေသကာကွယ်ရေးတပ်တို့ ပူးတွဲ၍ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေပြီ ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here