မင်းတပ်မြို့ပေါ်ကို ရေ၊ မီး ဖြတ်တောက်ထားမှုမှ အမြန်ဆုံးပြန်ပေးရန် မြို့ခံများတောင်းဆို

0
272

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ၅ လကျော်ကြာ ရေမီးဖြတ်တောက်ထားမှုကို အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် မင်းတပ်မြို့ပေါ်ပြည်သူများက တောင်းဆိုနေကြသည်။

နိုဝင်ဘာလ ၅ ရက်က မြို့မစည်ပင်ခန်းမ၌ မင်းတပ်မြို့ပေါ် ရေမီး အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော် မြို့ခံလူထုက နိုဝင်ဘာလ ၁၅ ရက်က သဘောထားထုတ်ပြန်ကြသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“ရေမီးရရှိရေးက အကြိမ်ကြိမ် မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆီမှာလည်း မြို့မိမြို့ဖနဲ့ ဘာသာရေး ခေါင်းဆောင်တွေက သွားရောက်ညှိနှိုင်းပါတယ်။ သူတို့က တစ်ပတ်ဆို အစည်းအဝေးလုပ်မယ်၊ တစ်လဆိုရင် အစည်းအဝေး လုပ်မယ်။ တစ်လကြာပေးမယ်နဲ့ မျှော်နေရတာကြာပြီ။ မင်းတပ်က မိဘများပဲ နေကြပါတယ်၊ သားတို့သမီးတို့ သနားကြပါဆိုပြီး ဘုန်းဘုန်းကအစ တောင်းဆိုကြပေမယ့် ဘာမှမရဘူး။ မရတဲ့အတွက်ကြောင့် ပြည်သူလူထုက ဆန္ဒတောင်ပြချင်တာ။ ဆန္ဒပြတာတော့ မလုပ်ပါနဲ့ဆိုပြီး လူထုအစည်းအဝေးကို စည်ပင်ခန်းမမှာ စည်းဝေးကြပြီးတော့ ရေမီးရရှိဖို့ ဖော်ထုတ်ခြင်း ဖြစ်ပါတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

မြို့ရွာအနှံတွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် ငွေကြေးခက်ခဲ၍ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိပြီး နေထိုင်ရာတွင် မြို့ပေါ်ရှိစာသင်ကျောင်းများ၊ ဆေးရုံရှိ လူနာများ၊ သာရေးနာရေး အချိန်များတွင် ထင်း၊ မီးသွေး၊ ရေများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည်ဟု မင်းတပ်မြို့ခံလူထုက သဘောထားထုတ်ပြန် ပြောဆိုသည်။

ပွင့်လင်းကာလ နွေရာသီရောက်ရှိလာပြီ ဖြစ်သောကြောင့် သောက်သုံးရေ ဝယ်ယူသုံးစွဲရန် ခက်ခဲလာမည် ဖြစ်သည်ဟု မင်းတပ်မြို့ခံလူထု၏ ပြောဆိုမှုအရ သိရသည်။

မင်းတပ်မြို့ခံလူထုသည် ယခင်က လျှပ်စစ်မီးနှင့် သောက်သုံးရေများကို အဆင်ပြေစွာရရှိခဲ့ပြီး နိုင်ငံအနှံရှိ မြို့များ၏ တိုက်ပွဲများတွင်လည်း မြို့များကို ရေ၊မီးကို ဦးတည်ဖြတ်တောက်မှု မရှိသည့်အတွက် မင်းတပ်မြို့ပေါ်ကိုလည်း ရေမီး အမြန်ဆုံး ပြန်လည်ပေးစေချင်သည်ဟု သိရသည်။

မင်းတပ်မြို့ခံ ၂၀၀၀ ၏ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ CDF မင်းတပ်နှင့် မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here