“ကသာကို သိမ်းနိုင်ပြီဆိုရင်တော့ စစ်ကိုင်းအထက်ကတော့ လုံးဝရပြီလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင် ကသာကို သိမ်းလိုက်နိုင်ပြီဟေ့ဆိုတာနဲ့ စစ်တပ်အနေနဲ့ လေကြောင်းအကူညီမပါရင် စစ်ကိုင်း အထက်ကို တက်လာမယ့် လမ်းမရှိတော့ပါဘူး” ကသာမြို့ခံ၊ နိုင်ငံရေးလေ့လာသူတစ်ဦး

0
506
ပုံစာ- ကသာမြို့။

ကချင်ပြည်-စစ်ကိုင်းနယ်စပ် ကသာမြို့ကို လက်မလွတ်ရေး စစ်ကောင်စီတပ်က အစွမ်းကုန်ကြိုးစားနေမှုအပေါ် ကသာမြို့ခံ၊ နိုင်ငံရေးလေ့လာသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ကောလင်းမြို့ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက် လိုက်ပြီးနောက် စစ်ကိုင်းနဲ့ ကချင်ပြည်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ဘက်က အပြင်းအထန် ကြိုးစားနေတယ်လို့ သိရပါတယ်။

နယ်မြေအနေအထားအရ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ကသာမြို့နယ်ဟာ စစ်ကိုင်းကနေ ကချင်ပြည်ကို ဝင်နိုင်မယ့် တစ်ခုတည်းသော ရေကြောင်းဝင်ပေါက်ဖြစ်တဲ့အပြင် ကသာမြို့နယ်ဟာ ခရိုင်ရုံးစိုက်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ကသာခရိုင်ထဲမှာ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်ဆိုပြီး ဖွဲ့စည်းထားရာကနေ ၂၀၁၈ ခုနှစ်မှာတော့ ကောလင်းမြို့ကို ခရိုင်အဖြစ် ဖွဲ့စည်းလိုက်ပြီးနောက် ကောလင်းခရိုင်ထဲမှာ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်အဖြစ် ခွဲပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

လက်ရှိချိန်မှာ ကသာမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ် ၆ မြို့နယ်စလုံးမှာ KIA-PDF ပူးပေါင်းတပ်တွေဘက်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့အတွက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

ကသာမြို့က စစ်ရေးအရ အဓိက အချက်ချာကျတဲ့အတွက် နိုဝင်ဘာလဆန်းပိုင်းကနေ စပြီး စစ်ကောင်စီဘက်က အင်အားဖြည့်နေတဲ့အပြင် ကောလင်းမြို့ သိမ်းပိုက်ခံလိုက်ရတဲ့နောက် မြို့တွင်းမှာရှိနေတဲ့ နေရာ ၃ နေရာမှာ လက်နက်ကြီးတွေ တပ်ဆင်ပြီး ပြင်ဆင်နေပါတယ်။ ကသာမြို့ကို လက်မလွတ်ရေး စစ်ကောင်စီတပ်က အစွမ်းကုန်ကြိုးစားနေမှုအပေါ် ကသာမြို့ခံ၊ နိုင်ငံရေးလေ့လာသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လက်ရှိ ကသာမြို့အခြေနေကို အရင်ဆုံးပြောပေးပါ။

ဖြေ။ ။ ကောလင်းသိမ်းခံလိုက်ရတဲ့နောက် သိသိသာသာ မြို့ပတ်လည်မှာ ယာယီစခန်းတွေ ထိုင်လာတယ်။ မြို့တွင်းကင်းပုန်းဝပ်တာတွေ များလာတယ်။ မြို့ပေါ် ရပ်ကွက် ၅ ဇေယျာကျောင်းတောင်ပေါ် ကျောင်းကုန်းပေါ် မှာလည်း လက်နက်ကြီးတွေထောင်ထားတယ်။ ပြီးတော့ ကသာ ခမရ ၃၀၉ တပ်ကလည်း ညတိုင်းလက်နက်ကြီး ပစ်တယ်။ ကသာနဲ့ အင်းတော်ကြား ကျောက်ဖြူတောင်ပေါ်ကနေ လက်နက်ကြီးပစ်တယ်။ ကသာမြို့ပေါ်က မီတာ ၄၀၀ အားကစားကွင်းမှာ လက်နက်ကြီးထိုင်တယ်။ နောက်ပြီးတော့မှ ဗိုလ်ချုပ်အာဇာနည် ကျောက်တိုင် ကွင်းမှာ လက်နက်ကြီးထိုင်ထားတယ်။ အရှေ့အနောက် တောင်မြောက် နေ့နေ့ညည ပစ်နေတာပဲ။ ပြီးတော့ မန်လည်ဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ လေးထပ်ကျောင်းမှာလည်း အင်အားတချို့ရှိတယ်။

မေး။ ။ လက်ရှိ ကသာထဲမှာ စစ်အင်အားဘယ်လောက်ထိရှိနေပါလဲ။

ဖြေ။ ။ အစကတော့ ကသာမှာရှိတဲ့ စစ်အင်အားတွေ ကောလင်းတိုက်ပွဲဘက်ကို ပို့တာရှိတယ်။ ကောလင်းသွားတော့ အဲဘက်ပို့ထားတဲ့သူတွေရော ပြန်ခေါ်ထားတယ်။ ပြီးတော့ ကောလင်းသိမ်းပြီး နောက်ရက်မှာပဲ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ အင်အား ၃ ခါ လာချသွားတာရှိတယ်။ ခုကသာမှာ ကသာမြို့ ခမရ ၃၀၉ အထိုင်တပ် အပြင် နောက်ထပ် တပ်မ ၇၇ လက်အောက်တပ်တွေရော စုစုပေါင်း အင်အား ၅၀၀ အထက် ရှိနိုင်တယ်။

မေး။ ။ စစ်တပ်က ဘာလို့ ကသာကို စစ်အင်အား ဒီလောက်ထိ ဖြည့်နေရတာပါလဲ။ ကသာက စစ်ရေးအရ ဗျူဟာကျတဲ့နေရာတစ်ခုပါလား။

ဖြေ။ ။ ကသာက စစ်ကိုင်း– ကချင်အစပ် ကချင်ဘက် ရွှေကူ၊ ဗန်းမော်ကို အစရှိသဖြင့် ကချင်ဘက်ကို ဝင်နိုင်ဖို့ အဓိက ရေကြောင်းဝင်ပေါက်ဖြစ်တယ်။ စစ်တပ်က ကချင်ဘက်ကို ခုနောက်ပိုင်း စစ်အင်အား၊ လက်နက်ရိက္ခာ ပို့တဲ့နေရာမှာ ရေကြောင်းကိုအများဆုံးအသုံးပြုလာတာဖြစ်တယ်။ အဲတော့ ကသာက စကစအတွက် အခြေချဖို့ အရေးပါတဲ့နေရာ ဖြစ်တယ်။ ပြီးတော့ ကသာမှာသူတို့ခြေကုပ်ထားနိုင်ပြီဆိုရင် ကသာကနေ တဆင့် ကောလင်း၊ ဝန်းသို၊ ထီးချိုင့်ဘက်တစ်ကြော ခြေဆန့်ပြီး စစ်အင်အားတွေ ဖြန့်ကျက်လို့ရနိုင်တဲ့ အနေထားဖြစ်နေတော့ တကယ်အရေးကြီးတဲ့နေရာ ဖြစ်ပါတယ်။

မေး။ ။ ကသာကို ကာကွယ်ရေးတပ်တွေဘက်က ဝင်သိမ်းနိုင်မယ့်အနေထားရှိပါလား။

ဖြေ။ ။ သိမ်းမယ်ဆိုရင် ဝင်သိမ်းနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ခရိုင်မြို့ရဲ့ မောင်းသံလက်သံတွေဖြစ်တဲ့ ကသာ အနီးကမြို့တစ်ခုထဲက ကောလင်း သိမ်းထားပြီလေ၊ ခုထီးချိုင့်လည်း သိမ်းဖို့ ကြိုးစားနေတဲ့အနေအထားမှာ ရှိနေတယ်၊ ပြီးရင် ဝန်းသိုပေါ့။ အဲလို ကသာ နီးနားကဟာတွေကို အကုန်သိမ်းနိုင်ပြီဆိုရင် သိမ်းဖို့လွယ်သွား ပါလိမ့်မယ်။ နောက်တစ်ခုက အဲလိုအနီးနားကဟာတွေ အကုန်သိမ်းလိုက်နိုင်ရင် ကသာထဲဝင်နေတဲ့ စကစ အင်အားတွေက ထွက်ဖို့ခက်လိမ့်မယ်။ စကစအတွက် တစ်ဖက်ကကြည့်ရင် ကသာထိန်းထားနိုင်ရင် ခံစစ်အနေနဲ့ထိုင်ပြီး အင်အားထပ်ဖြန့်ကျက်နိုင်မယ့် အားသာချက်ရှိသလို တစ်ဖက်ပြန်ကြည့်မယ်ဆိုရင် ချောင်ပိတ်သွားမယ့် အားနည်းချက်တွေက ပိုများနေပါတယ်။

မေး။ ။ ခုလောလောဆယ် တိုက်ပွဲဖြစ်နေပြီလား။

ဖြေ။ ။ ခုဒီရက်ပိုင်း တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး ဒါပေမယ့် စစ်တပ်ဘက်က ကြိုတင်ကာကွယ်တဲ့ အနေထားမို့လားမသိ လက်နက်ကြီးတွေနဲ့ ညတိုင်းပစ်နေတော့ ပြည်သူတွေမှာ လက်နက်ကြီးရန်ကို ကြောက်နေကြရတယ်။ မနေ့ည (နိုဝင်ဘာလ ၁၃ ရက်)ကလည်း သူတို့လက်နက်ကြီးပစ်တော့ မြေးအဖွား ၂ ယောက် လည်းသေပြီ။ ပြီးခဲ့တဲ့ ၁၀ လ လကုန်ပိုင်းမှာလည်း ကသာမှာက ညမထွက်ရအမိန့်လည်း ထုတ်ထားတယ်လေ။

မေး။ ။ KIA,PDF ဘက်ကနေ ကသာကိုသိမ်းလိုက်နိုင်ရင် စစ်ကိုင်းအထက်ပိုင်းကို လုံးဝသိမ်းလို့ရနိုင်မယ့် အခြေအနေရှိနိုင်လား။

ဖြေ။ ။ ကသာကို သိမ်းနိုင်ပြီဆိုရင်တော့ စစ်ကိုင်းအထက်ကတော့ လုံးဝရပြီလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင် ကသာကို သိမ်းလိုက်နိုင်ပြီဟေ့ဆိုတာနဲ့ စစ်တပ်အနေနဲ့ လေကြောင်းအကူညီမပါရင် စစ်ကိုင်း အထက်ကို တက်လာမယ့် လမ်းမရှိတော့ပါဘူး။ အဲဒါကြောင့်လည်း သူတို့ အပြင်းအထန် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here