ဝေလူးရွာကျောင်းစာသင်ဝိုင်းထဲ လေယာဉ်ဗုံးကျပြီး ကျောင်းသားကလေးငယ် ၈ ဦး အပါအဝင် အရပ်သား ၁၁ ဦး အစုအပြုံလိုက်သေဆုံး

0
203
ပုံစာ- ဝေလူးကျေးရွာပြမြေပုံ။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းစာသင်ဝိုင်းထဲ လေယာဉ်ဗုံးကျပြီး ကျောင်းသားကလေးသူငယ် ၈ ဦးနှင့် ကျောင်းဆရာ ၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးတို့ အစုအပြုံလိုက်သေဆုံးခဲ့ရသည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲမှ တာဝန်ရှိသူက ပြောသည်။

“နိုဝင်ဘာလ ၁၅ ရက်မှာ ဝေလူးရွာဘက်ကို‌ဂျက်ဖိုက်တာ ၂ စီးနဲ့ တက်လာပြီးတော့ ရွာထဲကိုကြဲချတာ။ တစ်စီးက ဗုံးကြဲပြီးတော့ တစ်စီးက စစ်သေနတ်နဲ့ ရမ်းပစ်တာပါ။ ကလေးတွေ စာသင်ဝိုင်းထဲကို ဗုံးကကျသွားတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီက ပလက်ဝမြို့နယ်အစပ်၊ မတူပီမြို့နယ်ထဲက ဝေလူးကျေးရွာကို စစ်ရေးတင်းမာမှု တစုံတရာမရှိဘဲ ကျောင်းသား၊ကျောင်းသူများ စာကျက်ဝိုင်းရှိရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် အသက် ၁၅ နှစ်အောက် ကျောင်းသားကလေးငယ် ၈ ဦး၊ CDM ကျောင်းဆရာ ၁ ဦးနှင့် အရပ်သား ၂ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့သည်။

အမျိုးသမီး ၄ ဦး အပြင်းအထန် ဒဏ်ရာများရရှိပြီး တခြားထိခိုက်ဒဏ်ရာရသူများကို ဆက်လက်စိစစ်နေဆဲ ဖြစ်သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများအပေါ် ယခုလိုဗုံးကြဲသတ်ဖြတ်မှုသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ တာဝန်ရှိသူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံသို့လည်း စစ်ကောင်စီကို အရေးယူနိုင်ရန် သက်သေအထောက်အထားများ ပေးပို့သွားမည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဘာသာရေးအဆောက်အအုံများ၊ စာသင်းကျောင်းများနှင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားပြီး အရေအတွက် အတိအကျကို စိစစ်နေဆဲ ဖြစ်သည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အရေးပေါ် တုန့်ပြန်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

“လောလောဆယ်တော့ အရေးပေါ် ကူညီတုံပြန်ကယ်ဆယ်ရေးတွေကို သေဆုံးသွားသူတွေ အတွက်ရော၊ ဒဏ်ရာရသူတွေ အတွက်ရော မနေ့ကရော ဒီနေ့ရော လုပ်ဆောင်နေကြတယ်။ ပံ့ပိုကူညီပေးနိုင်အောင်လည်း ကျနော်တို့ ဆောင်ရွက်နေတယ်။ ပြည်တွင်းပြည်ပက ပြည်သူတွေလည်း ပံ့ပိုးကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်အတွင်းတည်ရှိသော ဝေးလူကျေးရွာသည် CDF – မတူပီ ထိန်းချုပ်ထားသော ကျေးရွာဖြစ်သည်။ အိမ်ခြေ ၆၀ နီးပါးရှိသော ကျေးရွာဖြစ်ပြီး ရွာအနေအထားမှာ အိမ်များကို နီးနီးကပ်ကပ် ထူထူထပ်ထပ် ဆောက်ထားသည့် ရွာဖြစ်ကာ လူဦးရေမှာ အတန်အသင့် အနေများသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here