“ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးရက်တွေက ထပ်တိုးကြလိမ့်မယ်။ ပြီးရင်တော့ ပြင်းထန်လာဖို့လည်း ရှိပါတယ်။ အဲဒီတော့ စစ်ဆင်ရေးတွေအားလုံးကို ခြုံပြီးပြောရရင် ဒီနေ့ဒီအချိန်မှာ ဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးဟာ ကျနော်တို့အင်အားစုတွေ၊ ပြည်သူတွေဘက်က အနိုင်ရလိမ့်မယ်” ခွန်ဘီထူး-ဥက္ကဋ္ဌ/KNDF

0
287
ပုံစာ - KNDF ဥက္ကဋ္ဌခွန်ဘီထူး

“၁၁.၁၁ စစ်ဆင်ရေး” ဖော်ဆောင်ရခြင်းနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီပြည်နယ်တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့က “၁၁.၁၁ စစ်ဆင်ရေး” စတင်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲ စစ်ကောင်စီ စခန်း ၇ ခုနဲ့ လက်နက်မျိုးစုံ ၁၀၀ နီးပါးသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေး တိုက်ခိုက်နေတဲ့ စခန်းတွေထဲမှာတော့ ကရင်နီပြည် (ကယား) ဒီးမောဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေ အပါအဝင် မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေ ပါဝင်ပါတယ်။

ဒီစစ်ဆင်ရေးကို ကရင်နီပြည်နယ် တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့တွေ ဖြစ်ကြတဲ့ KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊ မြို့ပြပျောက်ကျားတပ်နဲ့ ရှမ်းတောင် PDF တို့ အတူ ပူးပေါင်းပါဝင်ပြီး ဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။

တစ်ရက်တာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ စခန်းပေါင်း (၇) ခု ကို အောင်မြင်စွာသိမ်းပိုက်ယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရရှိမှုဟာ လက်ရှိဆင်နွှဲနေတဲ့ စစ်ပွဲတွေအတွက် ကြီးမားတဲ့ အောင်မြင်မှုမျိုး ဖြစ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့အချိန်မှာ ဒီးမော့ဆို၊ လွိုင်ကော်နှင့် မိုးဗြဲအခြေစိုက် စစ်ကောင်စီ တပ်တွေက လက်နက်ကြီးတွေ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက တိုက်ပွဲတွေထဲကို တိုက်လေယာဥ် ၂ စီးနဲ့ အကြိမ် ၂၀ နီးပါး လာရောက်ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့လည်း ၂ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲပြင်းထန်နေချိန် လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ KNDF-B01 နှင့် KA တို့က ပွိုင့်ဖိုက် (.5) တွေနဲ့ တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ် ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ်ပေါ်က စစ်ကောင်စီ လေယာဉ်မှူးနှစ်ဦးလည်း လေထီးနဲ့ အတူ ခုန်ချ လွတ်မြောက်နေတဲ့အတွက် အခုအခါ လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သလို စစ်ကောင်စီရဲ့ တပ်စခန်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့သလို၊ လက်နက်ချ အညံ့ခံသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီ တပ်သားများလည်း အများအပြား ရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဟာ ဒီထက်မက ပြင်းထန်လာနိုင်တယ်လို့လည်း KNDP က ပြောဆိုထားပါတယ်။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအပါအဝင် နိုဝင်ဘာ ၁၁ ရက်နေ့မှာဖော်ဆောင်တဲ့ “၁၁.၁၁ စစ်ဆင်ရေး” နဲ့ ပတ်သက်ပြီး KNDF ဥက္ကဋ္ဌ ခွန်ဘီးထူးကို ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

မေး။ ။ ဘာကြောင့် ၁၁.၁၁ ရက်နေ့မှာ စစ်ဆင်ရေး စတင်ရတာပါလဲ။

ဖြေ။ ။ ဒီ ၁၁ ရက် ၁၁ လ စစ်ဆင်ရေးက ကျနော်တို့ ဆင်နွှဲလာတဲ့ နွေဦးတော်လှန်ရေး တလျှောက်လုံးရဲ့ စစ်ဆင်ရေး အဆက်တွေပဲပေါ့နော်။ ခုရက်ပိုင်းမှာဆိုရင်တော့ မြောက်ပိုင်းဘက်မှာဆိုရင်လည်း ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ထားသလိုမျိုး ရှိတာပေါ့နော်။ ကျနော်တို့ဘက်ကလည်း ၁၁ ရက် ၁၁ လမှာ တိုက်ပွဲ တိုက်တဲ့ ဖော်ဆောင်ဖို့အတွက် ဒီနာမည်ကို ဟန်ချက်ညီညီ သုံးရခြင်း ဖြစ်ပါတယ်။ စစ်ဆင်ရေးတွေ အားလုံးကတော့ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည် တည်ထောင်နိုင်ရေးတို့အတွက်ကို ကျနော်တို့ တိုက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။

မေး။ ။ တိုက်ပွဲက စတဲ့နေ့ကတည်း အပြင်းအထန်ဆိုတော့ နောက်ထပ်တိုက်ပွဲအနေအထားက ဘယ်လို ဖြစ်လာနိုင်ပါလဲ။

ဖြေ။ ။ ဒီရက်ပိုင်းတိုက်ပွဲတွေကတော့ ပြင်းထန်လိမ့်မယ်ပေါ့နော်။ စစ်ကောင်စီရဲ့ တပ်အခြေအနေတွေကို ကျနော်တို့ကြည့်တယ်၊ ကျနော်တို့ဘက်မှာဆိုလည်း ဒီနွေတလျှောက်လုံး စစ်ကောင်စီက ကျနော်တို့ကို ထိုးစစ်တွေလုပ်ခဲ့သလို မိုးရာသီမှာလည်း မယ်စဲ့ကိုသိမ်းယူပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က တိုက်ပွဲတွေ လုပ်လာတဲ့ဟာမျိုးတွေကို ကျနော်တို့စောင့်ကြည့်ခဲ့တာပေါ့နော်။ ခုချိန်မှာ ကျနော်တို့အကောင်းဆုံး တိုက်ပွဲတစ်ခုကို တစ်ခြားတော်လှန်ရေး မဟာမိတ်တွေနဲ့ လက်တွဲပြီး အတူတကွဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။ ပြီးရင်တော့ စစ်ကောင်စီက ခိုင်ခိုင်မာမာတပ်စွဲပြီးမှ ပြည်သူလူထုကို စစ်ဆေးဖိနှိပ်မှုတွေ လုပ်နေတဲ့နေရာ စခန်းတွေကို အဓိကဦးတည်ပြီးတိုက်ခိုက်ချေမှုန်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလိုစခန်းတွေဟာ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ၊ အခွန်တောင်းယူမူတွေကို အများအပြား ပြုလုပ်နေတဲ့ နေရာတွေဖြစ်တဲ့အတွက် ဒီနေရာတွေကို ကျနော်တို့က အဓိကထား တိုက်ယူလိုက်ခြင်း ဖြစ်ပါတယ်။

မေး။ ။ ၁၀၂၇ စစ်ဆင်ရေးကို ဘာကြောင့်ထောက်ခံရတာပါလဲ။

ဖြေ။ ။ ကျနော်တို့နဲ့ ညီနောင်သုံးဖွဲ့နဲ့ ရင်းနှီးပြီးမှ ချိတ်ဆက်မှုအားကောင်းသလို ဒီညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ကလည်း ဒီနေ့မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးစစ်ဆင်ရေး ဖြစ်ပါတယ်။ ပြီးတော့ သူတို့ နယ်မြေတို့တွေ အများအပြားကို ထိန်းချုပ်လာနိုင်သလို ဒီညီနောင်သုံးဖွဲ့အနေနဲ့လည်း နယ်စပ်မှာ လောင်းကစား၊ ငွေကြေး လိမ်လည်တဲ့ ကိစ္စတွေကို နှိမ်နှင်းရေးတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်ရေးနဲ့ စစ်အာဏာရှင် အမြစ်ပြုတ်ရေးတို့ကို တိုက်ပွဲဝင်လုပ်ဆောင်နေတာလည်း ဖြစ်တယ်။ အဲ့ဒါတွေကြောင့် စစ်ဆင်ရေးတွေ အားလုံးကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ အပြန်အလှန်ဆက်စပ်ပြီး ဆောင်ရွက်လုပ်ကိုင်နေကြတာ ဖြစ်တယ်။

ဒါပေမယ့် ဒီဟာက နိုင်ငံရေးအရ တချို့လူတွေစိုးရိမ်သလိုမျိုး တရုတ်ဩဇာအာဏာလွမ်းမိုးမှုတွေအတွက် ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်အတွက် လိုအပ်လို့ လုပ်ဆောင်နေတာသာ ဖြစ်ပါတယ်။ ခုပြည်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ကျနော်တို့ရဲ့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး လိုချင်နေတဲ့ ကိုယ့်ရဲ့ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးအတွက်ပါ။ ဒေသတိုင်း လွတ်လပ်ပြီး တရားမျှတရေး ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြတာပါ။ မိမိဒေသ မိမိတို့ပြန်လည်ပြီးမှ ထိန်းချုပ် ပေးနိုင်မှ အာဏာရှင်ကင်းတဲ့ ပိုလွတ်လပ်တဲ့ အသိုင်းဝိုင်းတစ်ခုကို ကျနော်တို့ တည်ဆောက်နိုင်မှာပါ။

ကျနော်တို့ ပြည်နယ်အသီးသီး တိုင်းရင်းသားအသီးသီးက မိမိဒေသ တိုးတက်ဖွံ့ဖြိုးရေးအတွက် တည်ဆောက် ကြရမှာဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ညီနောင်သုံးဖွဲ့နဲ့ အချိတ်ဆက်ရှိသလို အပြန်အလှန် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တခြားသော PDF အဖွဲ့တွေနဲ့လည်း အချိတ်ဆက်ရှိပြီးမှ လုပ်ကိုင်ဆောင်ရွက်နေတာပါ။ တစ်နိုင်ငံလုံးရဲ့ စစ်ဆင်ရေးနဲ့လည်း ကွန်ရက်တစ်ခုလို အမြဲတမ်းချိတ်ဆက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို ကျနော်တို့ရဲ့ ချိတ်ဆက်မှုတွေက ကျယ်ပြန့်ပြီးမှ စစ်ဆင်ရေးတစ်ခုလုံးကို ဆက်ပြီး ပိုပြီးအားကောင်းအောင် ပူးပေါင်းလုပ်ဆောင် ကြအုံးမှာ ဖြစ်ပါတယ်။

မေး။ ။ မနေ့ကလည်း တိုက်လေယာဉ်တစ်စီး ပစ်ချခံရတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပက်သက်ပြီး နောက်ဆုံး အခြေအနေ ဘယ်လိုသိရပါလဲ။ စစ်ကောင်စီ လေယာဉ်မှူးနှစ်ဦးရော ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ လေယာဉ်ကိုတော့ ကျနော်တို့ KH အမျိုးအစားလို့ သိရတယ်ပေါ့နော်။ ဒီစစ်ကောင်စီမှာတော့ လေ့ကျင့်ရေးလေယာဉ်တွေကို ချေမှုန်းရေးလေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုတဲ့ဟာတွေကတော့ များပါတယ်။ ဒီယာဉ်ပေါ်မှာ လေယာဉ်မှူးနှစ်ဦးပါလာပြီး ဒီဗုံးနဲ့ကြဲတဲ့ချိန်မှာ ကျနော်တို့ပစ်ချနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ လေယာဉ်ကတော့ ဖရူဆိုမြို့နယ် အတွင်းတစ်နေရာမှာ ပျက်ကျပြီး လေယာဉ်မှူးနှစ်ဦးကိုတော့ ကျနော်တို့ ခုချိန်ထိ ရှာဖွေနေတုန်းပဲ ဖြစ်ပါတယ်။

မေး။ ။ အခုဆင်နွှဲနေတဲ့ စစ်ဆင်ရေးနဲ့ပက်သက်ပြီး နောက်ထပ်ဖြည့်စွက်ပြီးပြောဖို့ရှိရင် ပြောပေးပါအုံးရှင့်။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးရက်တွေက ထပ်တိုးကြလိမ့်မယ်။ ပြီးရင်တော့ ပြင်းထန်လာဖို့လည်း ရှိပါတယ်။ အဲဒီတော့ စစ်ဆင်ရေးတွေ အားလုံးကို ခြုံပြီးပြောရရင် ဒီနေ့ဒီအချိန်မှာ ဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးဟာ ကျနော်တို့အင်အားစုတွေ၊ ပြည်သူတွေဘက်က အနိုင်ရလိမ့်မယ်။ အခုချိန်မှာ စစ်ကောင်စီ တပ်သားတွေက ပြည်သူလူထုနဲ့ ပူပေါင်းပါဝင်မှု မရှိရင်တော့ ချေမှုန်းခံရပါလိမ့်မယ်။ အသက်တွေ ဆုံးရှုံးသွားတာမျိုးကို ခံရလိမ့်မယ်။ သွေးထွက်သံယိုမှုနဲ့ပဲ အဆုံးသတ် သွားရပါလိမ့်မယ်။ စစ်အာဏာရှင် လူတစ်စုအတွက် တိုက်ပွဲဝင်ရင်း အလိုလို ဒုက္ခရောက်သွားကြပါလိမ့်မယ်။ အဲဒီတော့ ပြည်သူဘက်ကို စစ်ကောင်စီ တပ်တွေက အားလုံးဘက်ပြောင်းဖို့ လိုပါတယ်။ ဒါက ပြည်သူဘက်ကို ဘက်ပြောင်းလာလို့ သူရဲ့ဂုဏ်သိက္ခာ ကျဆုံးစရာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံးရဲ့ အမှန်တရား မြတ်နိုးမှုနဲ့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်ရင် တော့ ပြည်သူတွေနဲ့ ရပ်တည်ဖို့လိုပါတယ်။ ကျွန်တော်တို့အားလုံး အမြဲတမ်းတံခါးဖွင့် ကြိုဆိုနေပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here