လွိုင်ကော်မြို့၌ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း မိသားစုလိုက်သေဆုံးမှုအပါအဝင် အရပ်သား ၁၄ ဦးသေဆုံး

0
196

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် သွားလာနေတဲ့ ပြည်သူတွေကို ပစ်ခတ်တာကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့ တစ်ရက်အတွင်းမှာပဲ အရပ်သား ၁၄ ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဦးဗညားက ပြောသည်။

“အနည်းဆုံး နှစ်မိသားစုလိုက် ဖြစ်တယ်လို့ ပြောနိုင်တယ်။ တစ်စုကတော့ နမ့်ဘော်ဝမ်မှာဖြစ်တဲ့ကိစ္စ သားအမိ ပစ်ခတ်ခံရလို့ ၂ ဦးလုံး ဆုံးသွားတယ်။ နောက် case (ဖြစ်စဉ်) တစ်ခုကတော့ ပိုးဇာခြံမှာ လက်နက်ကြီးကျတဲ့ အတွက်ကြောင့်မို့လို့ အမေရောကလေးတွေပါ ၃ ဦး ဆုံးသွားတာ ရှိပါတယ်။ ဒါကတော့ ဒီနှစ် case(ဖြစ်စဉ်) ကတော့ မနေ့ကတစ်ရက်တည်း သေဆုံးမှုထဲက မိသားစုအလိုက် ထိခိုက်သေဆုံးမှု ဖြစ်ပါတယ်” လို့ ဦးဗညားက ပြောသည်။

သေဆုံးသူတွေဟာ အသက် ၈ နှစ် ကနေ ၇၀ ကျော် အရွယ်ရှိသူတွေ ပါဝင်ပြီး၊ သေဆုံးသူတွေထဲက မိသားစုလိုက် သေဆုံးတာ ၂ စု ထိ ပါဝင်တယ်လို့ ဆိုသည်။

စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို မရှောင်ဘဲ ရမ်းသန်းပစ်ခတ်တာကြောင့် အခုလိုထိခိုက် သေဆုံးရတာဖြစ်တယ်လို့ ဦးဗညားက ပြောဆိုသည်။

လွိုင်ကော်မြို့ခံတစ်ဦးက “ကလေးတွေလည်း သေတယ်၊ ခြေပြတ်၊ လက်ပြတ် ဖြစ်သွားတဲ့သူတွေလည်း ရှိတယ်။ ထွက်ပေါက် မရှိတော့ ဘယ်လို ထွက်ရမလဲ၊ တောက်လျှောက် ပစ်နေတာ၊ ထွက်လို့လည်း ပစ်ခတ်ခံရနိုင်တယ်။ မထွက်လို့လည်း အခုလိုမျိုး လက်နက်ကြီး၊ လေယာဉ်ပစ်လို့ သေနိုင်တယ်” လို့ လက်ရှိဒေသခံတွေ ကြုံတွေ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပါသည်။

စစ်ကောင်စီတပ်က သွားလာနေတဲ့ ပြည်သူတွေကို ပစ်ခတ်တာ မြို့အထွက်လမ်းတွေကို ပိတ်ပင်ထားတာ တွေကြောင့် အရပ်သားပြည်သူ သေဆုံးမှုတွေက ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဦးဗညားက ဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကျနော်တို့ တိုက်ပွဲဖြစ်ရင်တော့ လူထုတွေ နစ်နာနိုင်တယ်ဆိုတာ သိတယ်။ သို့ပေမယ့်လည်း လူထုတွေ မနစ်နာနိုင်အောင် တားဆီးနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့လုပ်ရပ်က အဲ့ဒီတားဆီးနိုင်တဲ့ လူထုတွေ မနစ်နာအောင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သူတို့လုပ်ရမဲ့လုပ်ငန်းရဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေကို ချိုးဖောက်နေလို့ပဲ ဖြစ်ရတာပေါ့နော။ ဥပမာအားဖြင့် လူထုတွေကို ပေးမရွေ့တာတွေ၊ လူထုတွေကို လွိုင်ကော်ကနေ ထွက်ခွင့် မပေးဘဲနဲ့ ပိတ်ပင်ခဲ့တဲ့ဟာတွေက ဒါအဆိုးရွားဆုံး အကျိုးသက်ရောက်မှုတစ်ခုလို့ ကျနော်တို့ ပြောနိုင်ပါတယ်” လို့ ဦးဗညားက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ တစ်ရက်ထဲအတွင်း သေဆုံးသူ ၁၄ ဦးထဲတွင် လက်နက်ကြီး ထိမှန်ပြီး သေဆုံးတာ ၇ ဦး၊ ပစ်ခတ်ခံရလို့ သေဆုံးတာ ၃ ဦး၊ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးတာ ၄ ဦး ဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ပြုစုထားတဲ့စာရင်းအရ သိရှိရသည်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသွားသူ ၇ ဦးလည်း ရှိကြောင်း သိရသည်။

ကရင်နီပြည်မှာ 1111 (တစ်လေးလုံး) စစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ အဆမတန်အသုံးပြုပြီး လူထုကို ပစ်မှတ်ထား တိုက်ခိုက် လာတာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၃၈ ဦး နဲ့အထက်ရှိနေပြီး ထိခိုက်ဒဏ်ရာသူတွေ အယောက် ၃၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here