ပဋိပက္ခကြောင့် သထုံခရိုင်အတွင်းရှိ ဒေသခံပြည်သူများ စိုးရိမ်မှုဖြင့်နေကြရ

0
139
ပုံစာ - လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေအိမ်တစ်အိမ်။

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း မိုင်းနင်းမိသည့်ဖြစ်စဉ်၊ မိုၚ်းစွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် လက်နက်ကြီး ကျကွဲသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် ဥယျာဉ်ခြံများနှင့် လူသွားလမ်းနေရာတို့တွင် ဒေသခံများ မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ်၊ ကား၊ ဆိုင်ကယ် မိုင်းစွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လူနေကျေးရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက် ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ ညနေကပင် သထုံမြို့နယ်၊ ကင်မွန်းချုံကျေးရွာ အရှေ့ဘက်လယ်ကွင်းအတွင်း နွားစာ မြက်ရိတ်သွားသည့် မောင်ဝင်းသိုက်ထွန်းအပါအဝင် အသက် ၁၃ နှစ်အရွယ် လူငယ် ၃ ဦးသည် မြေမြုပ်မိုင်းနင်း ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ ခြံလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိတော့ကြောင်း၊ အချို့ ခြံလုပ်ငန်းကို စွန့်ခွာပြီး အခြားအလုပ်ပြောင်းလုပ်ကြသူများလည်း ရှိလာသည်ဟု ကျိုက်ထိုဒေသခံတို့က ဆိုသည်။

“အစ်မတို့ဆိုရင် လုပ်ကိုင်ဖို့အတွက် ခြံရှိတယ်။ ဒါပေမဲ့ မသွားရဲဘူး။ ခြံသွားရင်းနဲ့ မိုင်းထိမှာကို ကြောက်နေ ရတယ်။ ခြံကို ပစ်ထားရတယ်။ ကြုံရာအလုပ်ကိုပဲ လုပ်ကိုင်နေရတယ်။ တစ်ချို့လူတွေဆို မနေရဲလို့ သူများတွေရဲ့ လယ်စောင့်တဲတွေမှာ ငှားနေနေရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်းပဋိပက္ခများကြောင့် ဒေသခံပြည်သူများ အလုပ်ကောင်းစွာ မလုပ်ကိုင်နိုင်ခြင်းကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းလာကြောင်း ဒေသခံတို့က ဆိုသည်။

အလားတူ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာတွေကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“အဒေါ်တို့က ကြောက်ကြောက်နဲ့ ဆက်နေနေရတာပေါ့။ ဘယ်အချိန် ပစ်လာမလဲဆိုတာကို ကြိုမသိနေတော့ သတိနဲ့နေနေရတယ်။ ပစ်နေတာ ကိုယ့်အနီးအနားမှာပဲ ဖြစ်နေတော့ စိုးရိမ်နေရတာပေါ့” ဟု ရေးမြို့နယ်၊ ကျုံလောင်ရွာခံတစ်ဦးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှုအားကောင်းသည့် ရေး၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် ရေး၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင် မိုင်းနင်းမိခြင်း၊ မိုင်းစွဲ တိုက်ခိုက်ခံရခြင်း၊ လက်နက်ကြီး ကျကွဲခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here