ညောင်ခါးရှည်ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်လို့ ကုန်ကားများပိတ်ဆို့ပြီး ခရီးသွားများအခက်ကြုံ

0
182

ရန်ကုန်-မော်လမြိုင်ကားလမ်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် စစ်တောင်းတံတားအနီးရှိ ‌ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ကားများပိတ်ဆို့မှု ဖြစ်ပွားနေသည့်အတွက် ခရီးသွားများနှင့် ကားသမားများ အခက်အခဲကြုံ နေကြရသည်ဟု ဆိုသည်။

အဆိုပါ ညောင်ခါးရှည် X-Ray ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့နေတာကြောင့် လူနာတင်ယာဉ်အပါအဝင် အိမ်စီးကား၊ ခရီးသည်တၚ်ကား၊ ကုန်တင်ကား ထောင်နှင့်ချီ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရကြောင်း ကားသမားတို့ထံမှ သိရသည်။

“ပိတ်နေတာက ၄ ရက်‌လောက် ရှိပြီ။ ကားတွေ တစ်နေ့လုံး စောင့်နေရတယ်။ အဓိက ကုန်ကားတွေကို စစ်ဆေးမှု များတယ်။ မလွှတ်ဘူး၊ ကုန်ကားတွေကိုသာလွှတ်ရင် တစ်နာရီလောက်ဆို ကုန်ပေါ့။ အခုက အကုန်လုံး ပိတ်နေတာ။ ကားတစ်စီးလွှတ်ဖို့က ၅ မိနစ်လောက် ကြာတာ၊ ကားက ဒီလောက်များတာ ပြောရရင် သူတို့ ထိန်းလိုက်တာပဲ၊ ဝေါကနေလာတဲ့ ကားတွေဆို အဆင်းဘက်ဆို ခဏလေးနဲ့ ပေးသွားတာ။ တက်လာတဲ့ ကားတွေပဲ ပိတ်မိနေတာ” ဟု ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က စပြီး စစ်ဆေးမှု တင်းကြပ် ထားသည့်အတွက် ကုန်တင်ကားများအပြင် အိမ်စီးကားများပါ စစ်ဆေးခံနေရတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေကြောၚ်း ခရီးသွားနှင့် ကားသမားများထံမှ သိရသည်။

ရေးမြို့မှ လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက “သူတို့က မပေးသွားတာလည်း မဟုတ်ဘူး။ ဘယ်သွား ဘာညာ အဲ့လောက်ပဲမေးတာ၊ အိတ်ဖွင့်ပြီးတော့လည်း မစစ်ဆေးပါဘူး။ ကားတွေပိတ်နေလို့ သွားလို့မရတော့တာ။ လူနာတင်ကားတွေလည်း သွားလို့မရဘူး၊ စောင့်နေရတယ်။ စစ်တာက ကုန်တင်ကားတွေကိုပဲ အဓိက စစ်ဆေးနေတာ” ဟု ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေသည့် ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် ခရီးသွားများ၊ ကားများ ရက်ချီ စောင့်ဆိုင်းပြီး ဖြတ်သန်းသွားလာနေကြရသည်ဟု ခရီးသွားနှင့် ကားသမားများက ပြောသည်။

ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေသည့်အတွက် မွန်ပြည်နယ်သို့ စက်သုံးဆီယာဥ်များ ရောက်မလာတာကြောင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လတ်မှု ဖြစ်ပေါ်နေသည်ဟုလည်း စက်သုံးဆီအရောင်းဆိုင်များနှင့် သုံးစွဲသူတို့ထံမှ သိရသည်။

ယင်းပြင် ‌ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် အနယ်နယ်အရပ်ရပ်သို့ တင်ပို့မည့် စားသောက်ကုန်များလည်း ပျက်စီးဆုံးရှုံးမှုရှိနေသည်ဟု ကုန်ကားမောင်းသူများထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here