AA သံသယဖြင့် တရားစွဲခံရသူတစ်ဦးအား အမှုမစစ်ဘဲရုံးချိန်းဆိုမှု ၂၇ ကြိမ်ရှိနေဟုဆို

0
137
ပုံစာ - AA သံသယဖြင့် တရားစွဲခံရသူ။

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦးအမှုကို တစ်နှစ်ခန့်ကြာသည်ထိ စစ်ဆေးမှု မပြုလုပ်ရသေးကြောင်း သိရသည်။

တရားစွဲဆိုခံထားရသူမှာ အသက် ၃၉ နှစ်အရွယ် ကိုမောင်သက်စိုး (ခ) ကိုမောင်ချေဖြစ်ပြီး တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်သဖြင့် စစ်တွေမြို့နယ်တရားရုံးက ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၂၇ ကြိမ် ရှိလာပြီဟု မိသားစုဝင်များက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ရုံးချိန်းတွင်လည်း တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်၍ လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့သို့ ရုံးချိန်းရွှေ့ဆိုင်းလိုက်သည်။ လက်ရှိတွင် တစ်နှစ်ကျော်ကြာအထိ စစ်ဆေးမှုမပြုလုပ်ရသေး၍ အချိန်ကြန့်ကြာမှုနှင့်အတူ မိသားစုအတွက် ထိခိုက်မှုများရှိလာသဖြင့် အမြန်ဆုံးစစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

“အမှုကို အမြန်ဆုံး စစ်ဆေးပေးစေချင်တယ်။ အပြစ်မရှိဆိုရင်လည်း အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ ကျမတို့မှာ ငွေရေးကြေးရေးကအစ သိပ်အခက်အခဲကြုံရတယ်။ ကလေးတွေနဲ့ စားဝတ်နေရေးကို ဖြစ်သလို ရုန်းကန် နေရတယ်။ ရုံးချိန်းတောင် မသွားနိုင်တော့ဘူး” ဟု ကိုမောင်သက်စိုး၏ဇနီး မယုယုဝေက ပြောသည်။

ကိုမောင်သက်စိုးမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ကာဒီကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အတူ ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၎င်းတို့ကို ၂၀၂၂ နိုဝငဘာလ ၂၀ ရက်နေ့တွင် ကန်စောက်တပ်ရင်းမှ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး AA နှင့်ပတ်သက်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ယင်းနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ချုပ်ရမန်ယူခဲ့သည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ စစ်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၃၁ ဖြင့်ပါ ထပ်တိုးတရားစွဲဆို ခံခဲ့ရသော်လည်း ဩဂုတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာခဲ့သည်။ သို့သော်လည်း ကိုမောင်သက်စိုးမှာ စစ်တွေအကျဉ်းထောင်၌ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အမှုရင်ဆိုင်နေရသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။

AA သံသယဖြင့် တရားစွဲဆိုထားသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေခြင်းမှာ စစ်ကောင်စီ၏ တရားစီရင်ရေးကဏ္ဍ ခိုင်မာမှုမရှိသည်ကို ပြသနေခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ် လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။

“အမှုတချို့က ဒီနေ့အချိန်ထိ ရုံးချိန်းလိုက်၊ ရုံးချိန်းပျက်လိုက်နဲ့ သံသရာလည်နေတယ်။ မိသားစုတွေအနေနဲ့ ဘယ်လို အမိန့်ချမလဲ၊ ဘယ်လိုအဖြေထွက်မလဲ ရင်တမမနဲ့စောင့်နေရတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စလို့ မြင်တယ်။ သူတို (စစ်ကောင်စီ) ရဲ့ တရားစီရင်ရေးဟာ ဘယ်လောက်ထိ လျော့ကျနေလဲ၊ ခိုင်မာမှုမရှိဘူး ဆိုတာကို ပြနေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ကောက်ယူပြုစုထားသောစာရင်းအရ ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁) (၂)၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၅၀၅ (က) တိူဖြင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော်ခန့် ရှိနေသေးသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here