၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုများရှိနေ

0
198
ပုံစာ - ထိခိုက်ဒဏ်ရာရသူ ဒေသခံတချို့ကို ဆေးရုံသို့ပို့ဆောင်စဉ်။

ရှမ်း​ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ အကြား တိုက်ပွဲများ၌ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိနေသည်ဟု ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာ ၂၈ ရက်နေ့ စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲမှုကြောင့် နမ္မတူမြို့နယ်ထဲရှိ မန်ဆာကျေးရွာမှ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ထိမှန်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ညီနောင် ၃ ဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသည့်အပြင် မည်သည့်လက်နက်ကိုင်အဖွဲ့မှလည်း လှုပ်ရှားနေခြင်းမျိုးမရှိဘဲ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက သိန္နီမြို့နယ်တွင်လည်း စစ်ရှောင်အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်ပြီး ဆေးကုသခွင့်မရသောကြောင့် သွေးထွက်လွန်သေဆုံးသွားသည်ဟု စစ်ရှောင်များက ပြောသည်။

ကျောင်းခမ်းဘုန်ကြီးကျောင်းသို့ စစ်ဘေးရှောင်လာသည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ပြီး ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်ကာ အဆိုပါဘုန်းကြီးကျောင်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်တွင်လည်း နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ၁၂၃ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နမ့်ဖက်ကာ ရပ်ကွက် ၄ နေရာထဲ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးထိမှန် သေဆုံးခဲ့သည်။

အဆိုပါ လက်နက်ကြီးကြောင့် သေဆုံးသူ ၅ ဦးမှာ နမ့်ခုံးကျေးရွာမှ အမျိုးသား ၁ ဦး၊ နမ့်ဖတ်ကာမှ ၂ ဦး၊ နမ့်ခမ်း ကလေး ၂ ဦးတို့ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

နမ့်ခုံးရွာနေဒေသခံ အမျိုးသားတစ်ဦးက “လက်နက်ကြီးက ရွာထဲမှာ ကျနေတယ်။ ထိတဲ့တစ်ယောက်က အသက် ၄၀ ဝန်းကျင်လောက် ရှိတယ်။ သူက အလည်ကနေ ပြန်လာပြီး နေအိမ်ထဲဝင်ဖို့ လုပ်ချိန်မှာ လက်နက်ကြီးက ကျလာတယ်။ သူက အဲ့မှာပဲ ပွဲချင်းပြီး မသေဆုံးသေးဘူး။ နာရီဝက်လောက်တော့ သူလုပ်နိုင်သေးတယ် ပြီးမှ ဆုံးသွားတာ” ဟု ပြောသည်။

နမ့်ဖက်ကာ အခြေစိုက် ၁၂၃ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် လေးလုံးထက်မနည်း နမ့်ဖက်ကာ၊ ရပ်ကွက် ၄ ထဲ ကျရောက် ပေါက်ကွဲကာ အသက် ၇ နှစ်အရွယ် ကလေးမှာ ပွဲချင်းပြီးသေဆုံးသွားပြီး အသက် ၃၀ နှစ်အရွယ် နန်းဘော်ဆိုသူမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတွင်သေဆုံးသွားခဲ့သည်။

လူနာများကို သွားရောက်ကူညီပေးခဲ့သည့် နမ့်ဖတ်ကာမေတ္တာရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက “လက်နက်ကြီးက နေအိမ်ပေါ်မှာ ကျတယ်လို့ပြောတယ်။ ငါးယောက်ထိပြီး နှစ်ယောက်က ဆုံးသွားတယ်။ ဆုံးတဲ့ဟာက ကလေးတစ်ယောက် လူကြီးတစ်ယောက်ပါ။ ဒဏ်ရာထိတဲ့ဟာက လူကြီးသုံးယောက်နဲ့ ကလေးနှစ်ယောက်ထိတယ်။ ငါးယောက်စလုံး ကွတ်ခိုင်ဆေးရုံမှာ ပို့ဆောင်ပေးထားပါတယ်။ သုံးယောက် ကတော့ ရင်ဘတ်မှာထိတော့ အောက်စီဂျင်သွင်းနေရတယ်” ဟု ပြောသည်။

အလားတူ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းအနီးတွင်လည်း နေအိမ်ထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး ကလေး ငယ်၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်း ၄ နာရီအချိန်က စတင်ပြီး ယနေ့အချိန်ထိ ရှမ်းမြောက်ဒေသရှိ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များထဲ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည် MNDAA (ကိုးကန့်)၊ TNLA (တအာင်း) နှင့် AA (ရက္ခိုင့်တပ်တော်) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here