“ကျနော်ကို ဖမ်းတဲ့ချိန် ကျနော် တအားကြောက်တယ် တအားတုန်တယ်။ ထမင်းတောင် ပြန်မစားနိုင်တော့ဘူး၊ သုံးလေးရက်တောင် ဆက်တိုက်ပြန်ဖျားတယ်” ကိုယ့်သေတွင်းမှ လွတ်မြောက်လာသူ ခူးဘူးရယ် (အမည်လွှဲ)

0
354
ပုံစာ - ကိုယ့်သေတွင်းမှလွတ်မြောက်လာသူ ခူးဘူးရယ် (အမည်လွှဲ)

မိမိကိုထည့်သွင်းမြေမြုပ်မယ့်သေကျင်းကို ကိုယ်တိုင်တူးခဲ့ရသူ (သို့) ကိုယ့်သေတွင်း (သို့) စစ်ကောင်စီလက်ထဲက ထွက်ပြေးလွတ်မြောက်လာသူ ခူးဘူးရယ် (အမည်လွှဲ) နှင့် မေးမြန်းချက်။

အသက် ၃၀ အရွယ်ရှိ ခူးဘူးရယ် (အမည်လွှဲ) ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးခြင်းကို ခံခဲ့ရရုံသာမက၊ မိမိကို ထည့်သွင်း မြေမြုပ်မယ့်သေကျင်းကို ကိုယ်တိုင်တူးခဲ့ရသူတစ်ဦးပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ စစ်ကောင်စီလက်က ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ ခူးဘူးရယ် (အမည်လွှဲ) နဲ့ စစ်ကောင်စီရဲ့ ဖမ်ဆီးခံရပုံ လွတ်မြောက်လာပုံအကြောင်းကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ။ အဖမ်းမခံရခင်က ဘာအလုပ်လုပ်ကိုင်တာပါလဲ။

ဖြေ။ ။ လယ်ယာ၊ တောင်ယာတွေပဲ လုပ်စားတယ်။ ကျန်တာတော့ မလုပ်ဘူး။

မေး။ ။ ဘယ်လိုပုံစံနဲ့ အဖမ်းခံခဲ့ရတာပါလဲ။ ဘာကြောင့် အဖမ်းခံရတာလဲ၊ အဲ့တုန်းက အခြေအနေလေး ပြောပြပေးပါအုံး။

ဖြေ။ ။ ဗမာတွေက အဲ့မှာရှိတယ်။ ကျနော်ကို ဆိုင်ကယ်ရပ်ခိုင်းပြီး ခေါ်စစ်မေးတယ်။ နင်ဘယ်သွားမှာလဲ မေးတော့ တူလေးကိုလိုက်ပို့မို့ပြောတာ သူတို့က သူလျှောက်ပြောတာ သူကငါတို့ဗမာတွေကို စုံစမ်းမယ့် ထောက်လှန်းရေးသမားဘဲဆိုပြီး (ခမရ) ၅၃၀ ကို ပြန်ခေါ်သွားလိုက်ပြောပြီး ကျနော်ကို ပြန်ဖမ်းသွားတယ်။ ကျနော်ကို တုတ်နဲ့ရိုက်တယ်၊ ၃ ခါ ၄ ခါ လောက် ရိုက်တယ်၊ ခြေထောက်ကိုလည်း မီးနဲ့ရှို့တယ်။ ပြီးတော့ သံချောင်းယူပြီး ခြေထောက်မှာ လိမ့်တာတို့လုပ်တယ်။

မေး။ ။ အဲ့လို ဖမ်း၊ နှိပ်စက်ပြီး ဘယ်ကိုခေါ်သွားပါလဲ။

ဖြေ။ ။ ကျနော့်ကို ကားနဲ့ ၅၃၀ (တပ်) ကို ပြန်ခေါ်သွားတယ်။ ဆိုင်ကယ်နဲ့ဖုန်းကို သိမ်းတယ်။ ကျနော် ဖုန်းထဲမှာဆို ရဲဘော်ပုံ မရှိဘူးပေါ့နော်။ ဒါပေမယ့် သူတို့က ကျနော်ပုံကို ရဲဘော်ပုံလိုဖော်ပြီး နင်ကရဲဘော်ဆိုပြီး ပြောတယ်။

မေး။ ။ အဲ့တုန်းက ၅၃၀ တပ်ရောက်တော့ ဘယ်လိုပုံစံနဲ့ စစ်ဆေးခံရတာပါလဲ။

ဖြေ။ ။ နင်က ထောက်လှမ်းရေးပဲ ကျနော်ကို အဲ့လိုပြောတယ်။ နင်က ရဲဘော်ပဲ၊ ရဲဘော်ဖက်ပါတယ် facebook မှာ ပုံတင်တယ်။ ပြီးတော့ ကျနော်ကို ဦးထုပ်ဆောင်းခိုင်းတယ်။ နင်က ရဲဘော်ပဲ ဒီထဲမှာပါတယ်။ ကျနော်ကို အဲ့လိုပြောတယ်လေ။ facebook မှာ ရဲဘော်ရုပ်တွေရှိတယ်။ အဲ့လိုပုံစံပေါ့။ ကျနော်ရုပ်ကို အဲ့ထဲမှာပါ ပေါင်းထဲလိုက်တယ်လေ။ ပြီးတော့ အဲ့ဒါနင်ပဲ ငါ့ကိုလက်ညွှန်းထိုးပြတယ်။ ကျနော် ဘာမှမသိဘူးပြောလိုက်တာ ကျနော် ရဲဘော်လဲမလုပ်ဘူး အဲ့လိုပြောလိုက်တယ်။ ဘာသွားလုပ်လဲရော ကျနောကိုမေးတော့ ကျနော်က တူလေးကို သွားပို့တာ တူလေးကို မတွေ့ဘူးလား ကျနော်ပြန်ပြောတာ နင့်တူလေးမဟုတ်ဘူး ငါတို့နောက်လိုက်စုံစမ်းတယ် မတွေ့ဘူး အဲ့လိုသူတို့ပြောတယ်။

မေး ။ ။ ဘယ်လိုပုံစံနဲ့ ပြန်ပြေးလွတ်လာတာပါလဲ။ အဲ့တုန်းက အခြေအနေလေး ပြန်ပြောပြပေးပါအုံး။

ဖြေ ။ ။ ကျင်းတူးပြီးတော့ လူတွေနဲ့ မြုပ်မယ်တဲ့၊ မြုပ်ပြီးတော့ တစ်ယောက်ကိုတစ်ကျင်း၊ တစ်ကျင်း တူးခိုင်းတယ်။ ဘယ်သူက အနက်လိုချင်ရင် အနက်တူး၊ အနိမ့်လိုချင်ရင်တော့ အနိမ့်တူးဆိုပြီးပြောတယ်။
ကျနော်တူးတဲ့ကျင်းဆို ကျနော်ကျင်းပဲပေါ့နော်။ သူတို့က ကျနော်ကို အဲ့မှာပြန်ပြီး မြုပ်မှာ၊ ပြီးရင် တခြားလူတွေလည်း အဲ့လိုပဲ သူတို့တူးတဲ့ကျင်းမှာ သူတို့ကို ပြန်မြုပ်မှာ အဲလိုပေါ့နော်။ ကိုယ့်ဘာသာကိုယ် တူးဆိုပြီးပြောတယ်။ ပြီးတော့ ကျနော်တို့ကို အဲ့ကျင်းထဲမှာ ဒူးထောက်ခိုင်းတယ်။ သူတို့က ကျနော့်ရှေ့မှာတစ်ယောက် နောက်မှာတစ်ယောက် ရပ်နေကြတယ်။ နောက်တစ်ယောက်က ကျနော့်ကို သေနတ်နဲ့ချိန်ထားတယ်။ ကျနော်က ရှေ့တစ်ယောက်ကို ခြေထောက်နဲ့ အရင်ကန်လိုက်တယ်၊ ပြီးတော့ ကျနော် သူတို့ကိုချနိုင်ပြီး ထွက်ပြေးလွတ်နိုင်ခဲ့တာပေါ့။

မေး။ ။ ဖမ်းခံရတုန်းက ကိုယ့်လိုမျိုးပဲ အဖမ်းခံရတဲ့သူတွေ ရှိပါလား။ သူတို့အခြေအနေကော ဘာကြားသေးလဲ။

ဖြေ။ ။ မနက် ၇ နာရီလောက်ချိန်ပေါ့။ ထွက်ပြေးလွတ်မြောက်တာက နေ့လည် ၁၂ နာရီပေါ့။ ကျနော် ထွက်မပြေးသေးတဲ့ချိန် တခြား အဖမ်းခံရတဲ့သူ သုံးယောက်ရှိသေးတယ်။ ကျနော် ထွက်ပြေးသွားတော့ ရှိလား မရှိတော့ဘူးလား မသိတော့ဘူး။ ကျနော် ပစ္စည်းတခုမှ ပြန်မယူရတော့ဘူး။ ဖုန်း၊ ဆိုင်ကယ်နဲ့ ကျနော့်ဆွဲကြိုးပေါ့။ စစ်တပ်ထဲမှာပဲ အကုန်လုံးကျန်ခဲ့တယ်။ ကိုယ်ဗလာနဲ့ပဲ ပြန်လာနိုင်တယ်ပေါ့။

မေး။ ။ အဖမ်းခံရတဲ့အချိန် ဘယ်လိုကြောက်စိတ်ရှိခဲ့လဲ။

ဖြေ။ ။ ကျနော်ကို ဖမ်းတဲ့ချိန် ကျနော်တအားကြောက်တယ် တအားတုန်တယ်။ ထမင်းတောင် ပြန်မစားနိုင်တော့ဘူး။ သုံးလေးရက်တောင် ဆက်တိုက် ပြန်ဖျားတယ်။

မေး။ ။ စစ်ကောင်စီတပ်က ရိုက်နှက်ထားတဲ့ဒဏ်ရာတွေရော ရှိသေးလား။

ဖြေ။ ။ သူတို့ရိုက်နှက်ထားတာ အနာတွေကျန်ခဲ့တယ်။ ရွာကလူကြီးတွေကိုပြတော့ ဒဏ်ရာရှိသေးတယ် ကျနော်ကိုပြောလို့ ဆေးခန်းက ဆရာမတွေဆီမှာ ဆေးတောင်းပြီး ပြန်လိမ်းတာ တစ်ရက်၊ နှစ်ရက်နဲ့ ဒဏ်ရာ ပြန်သက်သာသွားတယ်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here