ဝေါမြို့ရှိကျေးရွာများတွင် ရာအိမ်မှူးများက လယ်သမားများထံမှ မိုင်းရှင်းခ ကောက်ခံနေမှုကို ငြင်းဆိုခိုင်းနေ

0
232
ပုံစာ - ဝေါမြို့၊ ကျေးရွာအတွင်းရှိ စပါးခင်းများ။ (Photo- CJ)

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ကျေးရွာတချို့တွင် လယ်သမားများက စပါးရိတ်သိမ်းရန်အတွက် စစ်ကောင်စီထောင်ထားသော မိုင်းများကို ဖယ်ရှားပေးရန် ရာအိမ်မှူးများကို မိုင်းရှင်းခငွေ ပေးနေရသည်ဆိုသည့်သတင်းများ ပေါ်ထွက်လာပြီးနောက် ထိုသို့ငွေပေးရသည်မှာ မဟုတ်မှန်ဟု ငြင်းဆိုလက်မှတ်ထိုးခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဝေါမြို့နယ်ရှိ လက်ပံ၊ အုတ်ဖို၊ ပေါက်တန်း စသော ကျေးရွာများ၏ လှည်းလမ်းများနှင့် လယ်ခင်းများအနီးတွင် စစ်ကောင်စီထောင်ထားသော မိုင်းများအား စပါးရိတ်သိမ်းမည်ဖြစ်သောကြောင့် ဖယ်ရှားပေးရန် လယ်သမားများက ရာအိမ်မှူးများထံတောင်းဆိုရာတွင် လယ်သမားတစ်ဦးလျှင် ငွေကျပ် သောင်းဂဏန်းထိ ကောက်ခံတောင်းယူခဲ့သည်။

ထိုသို့ လယ်သမားများက မိုင်းများဖယ်ရှားပေးရန် ရာအိမ်မှူးများထံ တောင်းဆိုရာတွင် မိုင်းရှင်းခငွေ သောင်းဂဏန်းထိ ပေးနေရသည်ဆိုသည့်သတင်းများ ဒေသတွင်းသတင်းမီဒီယာများ၌ ထွက်ပေါ်လာပြီးနောက် မပေးရကြောင်း လက်မှတ်ထိုးရန်ပါ စေခိုင်းနေသည်ဟု ဒေသခံတစ်ဦးက အခုလိုပြောသည်။

“ အဲဒီတောင်းတဲ့သူတွေက စစ်တပ်ခန့်ထားတဲ့ ပျူစောထီးတွေ အခုနောက်ပိုင်း သတင်းတွေထွက်လာပြီးတော့ ပိုက်ဆံ မတောင်းတော့ဘူး။ ဒါပေမဲ့ လယ်သမားတွေကို ငွေတစ်ခါမှ မပေးရပါဘူးဆိုပြီးတော့ သတင်းတက်ပြီး နောက်ရက်ပဲ ရုံးကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ မိုင်းတွေကတော့ အခုထိ ရှင်းမပေးပါဘူး။ လက်ပံမှာ မိုင်းတွေ ထောင်ထားတာ အများဆုံးပဲ” ဟု ၎င်းက ပြောပါသည်။

မိုင်းများရှင်းလင်းဖို့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးများမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှတဆင့် စက်တင်ဘာလပိုင်းကစ၍ ငွေကောက်ခံနေခြင်းဖြစ်ရာ ဒေသခံတောင်သူပေါင်း ၁ ထောင်ကျော်ထက်မနည်း ငွေပေးဆောင်ခဲ့ရသော်လည်း ယခုအချိန်ထိ မိုင်းများ ရှင်းလင်းပေးခြင်း မရှိသေးသလို ထိုသတင်း ထွက်ပေါ်လာပြီးနောက် မပေးရကြောင်း လက်မှတ်ထိုးရန်ပါ စေခိုင်းနေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က မိုင်းများ လာရောက်ရှင်းလင်းခြင်း မရှိသေးသဖြင့် စပါးရိတ်သိမ်းချိန် ရောက်ရှိနေပြီ ဖြစ်တာကြောင့် စပါးရိတ်သိမ်းရန် အခက်တွေ့နေရကြောင်း ဒေသခံလယ်သမားများက ပြောဆိုကြသည်။

ပဲခူးတိုင်းသည် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှု ပိုမိုရရှိရန် စစ်ရေးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေသောဒေသ ဖြစ်သလို စစ်ကောင်စီကလည်း ကျေးရွာအလိုက် လူလိုက်လံစုဆောင်း၍ ပြည်သူ့စစ် (ခေါ်) ပျူစောထီး သင်တန်းများပေးကာ လက်နက်တပ်ဆင် တိုးချဲ့အင်အားတည်ဆောက်မှု အများအပြား ရှိနေသောဒေသလည်း ဖြစ်သည်။

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက “လက်ပံရွာဘက်က လယ်သမားတွေ စပါးရိတ်သိမ်းချိန် လယ်ထဲဆင်းဖို့ မိုင်းတွေ ရှင်းပေးဖို့တောင်းဆိုတာ ငွေပေးရတဲ့သတင်းတွေက ကျနော်တို့လည်း သိရတယ် ဒါအမှန်ပဲ။ ပြည်သူတွေ လာတိုင်ကြားတာတော့ မရှိသေးဘူး။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူကို ဒုက္ခပေးလာရင်တော့ အရေးယူဆောင်ရွက်ဖို့ ရှိမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက လက်ပံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေသော လက်ပံရွာနှင့် အနီးရှိ ဒေသခံများကို စစ်ကောင်စီက နေရပ်ပြန်မနေပါက ပိုင်ဆိုင်မှုများ သိမ်းယူမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here