စစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့်ပြုရာတွင် ကန့်သတ်ချက်များပြားမှုကြောင့် ထောင်ဝင်စာတွေ့သူများ အခက်ကြုံရ

0
183

ရခိုင်ပြည်နယ်၊ စစ်တွေထောင်တွင် အောက်တိုဘာ ၂၄ ရက်မှစတင်ပြီး တခြားထောင်များနည်းတူ ထောင်ဝင်စာ တွေ့ခွင့်ရပြီဖြစ်သော်လည်း ကန့်သတ်ချက်များပြားမှုကြောင့် ထောင်ဝင်စာတွေ့သူများ အခက်အခဲကြုံနေရသည်ဟု ဆိုသည်။

စစ်တွေအကျဉ်းထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက “ ဒီအပတ်က ထောင်ဝင်စာ သွားတွေ့တော့ ထောင်ဗူးကဝန်ထမ်းက လူတွေ့ခွင့်ရပြီလို့ ပြောလိုက်တယ်။ တွေ့ခွင့်က တစ်လမှာ တစ်ရက် ရမယ်လို့ ပြောလိုက်တယ်။ ရပ်ကွက်ထောက်ခံစာ လိုတယ်တဲ့” ဟု ပြောသည်။

စစ်ကောင်စီ၏ ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ချက်များကြောင့် ထောက်ခံစာများ သွားတောင်းသည့် အခါနှင့် မိတ္တူများ သွားကူးရာတွင် အချိန်ကုန်၊ လူပင်ပန်းပြီး ငွေကုန်ကြေးကျမှုများ ရှိနေ၍ စိတ်အနှောင့်အယှက် ဖြစ်ကြရသည်ဟု ရခိုင်မှ ထောင်ဝင်စာသွားတွေ့သူများက ပြောသည်။

ထို့အပြင် အကျဉ်းသားတစ်ဦးအား တစ်လလျှင် တစ်ကြိမ်သာ တွေ့ဆုံခွင့်ရမည့်အပြင် တွေ့ဆုံချိန် မိနစ် ၂၀ သာ တွေ့ခွင့်ရကြောင်း သိရသည်။

ထောင်ဝင်စာ သွားရောက်တွေ့ဆုံမည့်သူတွင် မှတ်ပုံတင်မူရင်း မိတ္တူ၊ အိမ်ထောင်စုဇယားမူရင်း မိတ္တူ၊ ရပ်ကွက်ထဲတွင် နေထိုင်ကြောင်း မူရင်းမိတ္တူ၊ ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊ ၎င်းမိတ္တူများအပြင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသည်ဆိုသော ထောက်ခံချက်လည်း ပါရှိရမည်ဟု စစ်ကောင်စီက ကန့်သတ်ထားသည်။

ယခုကဲ့သို့ ထောင်ဝင်စာတွေ့ရာတွင် ကန့်သတ်ချက်များပြားမှုအပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့(FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က “ ရပ်ကွက်ရုံးသွား။ ထောက်ခံချက် ယူရင်လည်း ငွေပေး ရမယ်။ ရဲစခန်းသွားမယ်ဆိုရင်လည်း၊ ပြစ်မှုကင်းရှင်းကြောင်း ယူရင်လည်း ပိုက်ဆံပေးရမယ်။ ကိုဗစ်ဆိုရင်လည်း ဆေးရုံဆေးခန်းမှာ ပိုက်ဆံပေးရမယ် ဆိုတော့ ဒါတွေက သက်ဆိုင်ရာ ဌာနတွေအတွက် သူက လာဘ်ပေးလာဘ်ယူမှု လုပ်ဖို့ လမ်းဖွင့်ပေးလိုက်တာပေါ့နော်” ဟု ပြောသည်။

COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ပိတ်ထားခဲ့သည့် အကျဉ်းသားများနှင့် မိသားစုဝင်များ ထောင်ဝင်စာတွေ့ခွင့်အား စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက် မှ စပြီး နိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်များတွင် ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်ရာတွင် ကန့်သတ်ချက်များကြောင်း ထောင်ဝင်စာတွေ့သူများ အခက်ကြုံ နေရခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်များအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက “တွေ့ခွင့်ရပြီဆိုရင် ထောင်ဝန်ထမ်းတွေရဲ့ လိုက်နာကျင့်သုံးအပ်တဲ့ စံချိန်စံနှုန်းအတိုင်း လုပ်ပေးရမှာပေါ့။ အဲ့လို့မဟုတ်ဘဲ တစ်လမှာ တစ်ကြိမ် ဆို‌တော့ နည်းတာပေါ့။ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲ” ဟု ပြောသည်။

အင်းစိန်အကျဉ်းထောင်တွင် ထောင်ဝင်စာသွားတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက “သေဒဏ်နှင့် တစ်သက်တစ်ကျွန်းကျတဲ့ နိုင်ကျဉ်းတွေ မနေ့က တွေ့ခွင့်မရဘူး။ တွေ့ခွင့်ရဖို့ စာတင်ထားရတယ် ကြားတယ်။ နောက်အပတ်လောက် တွေ့ရမယ်ထင်တယ်။ မနေ့က မနက် ၈ နာရီက မနက် ၁၁ နာရီခွဲ အထိ တစ်ချိန်၊ ၂ နာရီခွဲက ညနေ ၄ နာရီ အထိ တစ်ချိန် တွေ့ခွင့်ပေးခဲ့တယ်” ဟု ပြောသည်။

ထောင်ဝင်စာ ပထမဆုံး ဧည့်တွေ့ခွင့် ရခဲ့သည့် အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ စစ်တွေထောင် အပါအဝင် တချို့တိုင်းနှင့် ပြည်နယ်များတွင် ထောင်ဝင်စာတွေ့သူ များပြားကြောင်း သိရသည်။

အကျဉ်းထောင်တစ်ခုလျှင် တစ်နေ့လျှင် လူဦးရေ ၁၀၀ ဖြင့် ၂၅ ဦးစီကို လေးသုတ်ခွဲ တွေ့ခွင့်ရခဲ့ပြီး၊ တစ်လလျှင် အကျဉ်းသား/အချုပ်သားတစ်ဦးကို မိသားစုဝင်တစ်ဦးသာ တွေ့ခွင့်ရှိကြောင်းလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here