ဗန်းမောက်မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးတာဝန်ခံတစ်ဦး ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

0
154
ပုံစာ - ငှက်ဖျားတိုက်ဖျက်ရေးတာဝန်ခံ ကိုသန်းနိုင်ဦး။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ပိုင်းဒေသ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တာဝန်ခံ ကိုသန်းနိုင်ဦးကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးဥပဒေဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုသန်းနိုင်ဦးအား စစ်ကောင်စီ စစ်ခုံရုံးက အောက်တိုဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂(က) အရ ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များက ကိုသန်းနိုင်ဦးအား ဗန်းမောက်မြို့၊ လွှစင်ကုန်းရပ်ကွက်ရှိ ငှက်ဖျားတိုက်ဖျက်ရေးရုံးတွင် ယခုနှစ် နှစ်လည်ပိုင်းခန့်က ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ဗန်းမောက်မြို့ခံတစ်ဦးက ပြောဆိုသည်။

ကိုသန်းနိုင်ဦးအား ဖမ်းဆီးခြင်း မပြုမီ ငှက်ဖျားတိုက်ဖျက်ရေးရုံးမှနေ၍ စစ်ကောင်စီစခန်းအား လက်နက်ငယ်များဖြင့် မကြာခဏ လာရောက်ပစ်ခတ်ခြင်းများ ရှိခဲ့သည်ဟု စစ်ကောင်စီနှင့်နီးစပ်သည့် ဗန်းမောက်မြို့ခံတစ်ဦးက ပြောသည်။

“PDF တွေ က အဲ့ကနေပဲ စစ်တပ်ကို ခဏခဏ ထွက်ထွက်ပြီးပစ်တာ” ဟု စစ်ကောင်စီနှင့်နီးစပ်သည့် အဆိုပါမြို့ခံက ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ကိုသန်းနိုင်ဦးက ရွှေလုပ်ငန်းများတွင် ငွေကြေးကောက်ခံပြီးလျှင် ‌ဒေသကာကွယ်ရေးတပ် PDF များ အတွက် ရိက္ခာဝယ်ယူ ပို့ဆောင်ပေးခြင်း၊ စစ်ရေးလှုပ်ရှားမှုများအား သတင်းပေးခြင်းနှင့် နယ်မြေ အခြေအနေများအား မေးမြန်းပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ကိုသန်းနိုင်ဦးသည် အဖမ်းမခံရချိန်အထိ INGO အဖွဲ့တစ်ခု၏ ငှက်ဖျားတိုက်ဖျက်ရေးတွင် ဗန်းမောက်မြောက်ပိုင်း တာဝန်ခံအနေဖြင့် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း အခြားဗန်းမောက်မြို့ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့ရက်တွင်ပင် ဗန်းမောက်မြို့နယ်မှ မမြတ်နိုးဝေအား စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ဗန်းမောက်မြို့နယ်နှင့် ဆက်စပ်နေသော အင်းတော်မြို့နယ်မှ ကိုဇော်မြင့်ထွန်းဆိုသူကိုလည်း စစ်ကောင်စီက ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီ၏ စစ်ခုံရုံးက စစ်အုပ်ချုပ်ရေး ကြေညာထားသော ယင်းမာပင်မြို့နယ်မှ ၂ ဦး၊ ရွှေဘိုမြို့နယ်မှ ၃ ဦး၊ ဗန်းမောက်မြို့နယ်မှ၂ ဦး၊ အင်းတော်မြို့နယ်မှ ၃ ဦးဖြင့် စုစုပေါင်း ၁၀ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here