ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဥ်ပစ်သတ်ခံရ

0
118
ပုံစာ - ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ။

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းအား အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

အသက် ၅၂ အရွယ် ဦးဇော်နိုင်လင်းသည် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ‘ဖူး’ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ် သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဇော်နိုင်လင်းသည် အခင်းဖြစ်ပွားသည့် လက်ဖက်ရည်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံများပြောဆိုမှုအရ သိရသည်။

“ဦးစီးမှူးက လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ထိုင်နေတဲ့အချိန်မှာ သေနတ်သမားတွေက ရောက်လာပြီး ပစ်သွားတာ။ ၃/၄ ချက်လောက် ရှိမယ်။ ပစ်သွားတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဦးဇော်နိုင်လင်း၏ ရုပ်အလောင်းအား လူမှုကူညီရေးအဖွဲ့က ရေးခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသ‌င်္ဘောကြီးတွေအပေါ် သြဇာအပြည့်ရှိ၊ လုပ်ပိုင်ခွင့် အပြည့်ဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲလောက်မှာ အနားပေးလိုက်ပါပြီ” ဆိုပြီး ထုတ်ပြန် ပြောဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင် (ခ) ကိုလတ်ကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်ကလည်း ရေးမြို့၊ သီရိမာလာရပ်ကွက် ဦးအောင်သူ (ခ) ဦးစည်သူဆိုသူသည် ရေးမြို့နယ် ဖလံကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ရေးမြို့ရှိ မြဝတီဘဏ် ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီ ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သည့် ဖြစ်စဥ်ရှိခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် ၎င်းတို့ စွပ်စွဲသည့် စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here