မော်ချီးတွင် ကုန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေ

0
151
ပုံစာ - မော်ချီးတွင် လမ်းများ ပိတ်ဆို့ထားလို့ ကုန်ဈေးနှုန်း အဆမတန်မြင့်နေ။

ကရင်နီ (ကယား) ပြည်၊ မော်ချီးမြို့တွင်၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး မြန်မာနိုင်ငံတစ်ဝှမ်း အမြင့်ဆုံး စံချိန်ဖြစ်နေသည်ဟု မြို့ခံပြည်သူများက ပြောသည်။

လွိုင်ကော် – ဒေါတမကြီး- ဘောလခဲလမ်းအား ပြီးခဲ့သည့် မေလမှစတင်၍ ပိတ်ဆို့ထားသောကြောင့် ကုန်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာမှ ယခုအောက်တိုဘာလတွင် အဆိုးဆုံးအခြေအနေအထိ ကြုံနေရခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

မော်ချီးမြို့ခံ အမျိုးသားတစ်ဦးက “မော်ချီးဘက်ကို ကုန်ပစ္စည်းတွေက ဘယ်ကလာလဲဆိုရင် အရင်တုန်းက လွိုင်ကော်ဘက်ကနေ လာတာပေါ့နော်။ ခုပြောတဲ့ ဒေါတမကြီးလမ်း ဒါမှမဟုတ်ရင် ဖရူဆိုလမ်းပေါ့။ ဒါပေမယ့် ဖရူဆိုလမ်း ပိတ်တာတော့ တော်လှန်ရေး အစကတည်းက ပိတ်တာပေါ့။ နောက် ဒေါတမကြီးလမ်း ပိတ်သွားတော့ ဒီတောထဲက လမ်းတစ်လမ်း ရှိတယ်ပေါ့နော်။ အဲလမ်းက ကားဖြတ်လို့ရတယ်။ ဒါပေမယ့် အန္တရာယ်များတယ်၊ လမ်းဆိုးတယ်။ အဲဒီ လမ်းကလည်း အခု ပိတ်သွားပြီပေါ့။ တိုက်ပွဲကြောင့် စစ်ကောင်စီတွေ စစ်ကြောင်းထိုးတာ ကြောင့်ပေါ့။ အဲတော့ ကုန်ပစ္စည်းတွေက ဒီ ၂ လထဲမှာ ဒီဘက်ခြမ်းကိုရောက်ဖို့ သိပ်မရှိဘူးပေါ့နော်” ဟု ပြောသည်။

လတ်တလောတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်ကြမ်း ၂၄ ပြည် တစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၆၀၀,၀၀၀ ကျပ်ဝန်းကျင်၊ စားအုံးဆီ တစ်ပိဿာလျှင် ၁၀၀,၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ် စသည့် ဈေးနှုန်းများအထိ မြင့်တက် နေ သည်ဟု ဆိုသည်။

ထို့အပြင် ကော်ဖီမစ် အထုပ်သေး တစ်ထုပ်လျှင် ၁,၅၀၀ ကျပ်၊ ကွမ်းတစ်ပိဿာ ၁၅၀,၀၀၀ ကျပ်၊ ဘီယာ သံဘူး တစ်ဘူးလျှင် ၂၀,၀၀၀ ကျပ်၊ ဆန်အရက်ကြမ်း တစ်လီတာလျှင် ၁၈,၀၀၀ ကျပ် စသည့် ဈေးနှုန်းများအထိ ပေါက်ဈေး ရှိနေသည်။

“ကားတွေလည်း သွားလို့မရဘူး။ ဆိုင်ကယ်တွေလည်း သွားလို့မရတော့ သိပ် (ကုန်ပစ္စည်းရောက်ဖို့) မရှိဘူး။ ဒါပေမယ့် တချို့ကတော့ ဆိုင်ကယ်တွေနဲ့ တင်ပို့ကြတာတော့ ရှိတယ်။ အဓိက ဘယ်ကနေ ကုန်ပစ္စည်း တင်ပို့ကြ လဲဆိုတော့ ထိုင်းဘက်ကနေ ပြီးတော့ ခဲမဖြူဘက် တစ်ကြောကို အဲဒီ သံလွင်အနောက်ခြမ်းကို ပို့ကြတာပေါ့။ အဲဒီ အနောက်ဘက်ကဝင်ရင် ဆန်ကတော့ ဈေးသက်သာတယ်။ တစ်အိတ်ကို တစ်သိန်းကျော်ပဲ ရှိတယ်။ ဒါပေမယ့် တစ်သိန်းကျော်ဆိုတာက ဒီဘက်ကနေ တွက်ရင်တော့ ဈေးများတယ်ပေါ့။ ဒါပေမယ့် လွိုင်ကော်ကနေ လာတဲ့ဆန်က လေးသိန်းနီးပါး ရှိတယ်။ အဲတော့ သူတို့က ထိုင်းဆန်ကို စောင့်တယ်ပေါ့နော်။ ဒါပေမယ့် အဲဒီမှာ ရှိတဲ့ လူဦးရေနဲ့ ရတဲ့ရိက္ခာက ဘယ်လိုမှ မလုံလောက်နိုင်ဘူးပေါ့နော်” ဟု မော်ချီးမြို့နေ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကစ၍ ထိုင်း-ကရင်နီနယ်စပ် တလျှောက်တွင် တိုက်ပွဲများ ပြင်းထန်လာသည့်နှင့် အမျှ သွင်းကုန်များ ရပ်ထားရပြီး လက်ရှိ အထက်တန်းလွှာ လူတန်းစားများပင်လျှင် လိုသလောက် ဝယ်ယူ၍ မရတော့သည့် အခြေအနေ ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

မော်ချီးမြို့တွင် လက်ရှိ၌ တိုက်ပွဲများ မဖြစ်သေးသော်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစု များ ထိပ်တိုက်ရင်ဆိုင်လျက်ရှိပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သောကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်ဦးရေ ၁၀၀,၀၀၀ ကျော်တို့မှာ ဘေးကျပ်နံကျပ် ဖြစ်နေသည်ဟု ဆိုသည်။

NMG

LEAVE A REPLY

Please enter your comment!
Please enter your name here