ပုလဲစစ်ရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

0
125
ပုံစာ - ပုလဲမြို့နယ်ထဲက စစ်ရှောင်များ။ ( Photo- ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ)

စစ်ဒဏ်ခံနေရသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဒေသခံပြည်သူ ၅ သောင်းခန့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးများ အဓိကလိုအပ်နေသည်ဟု ကူညီပေးနေသူများက ပြောသည်။

ပုလဲမြို့နယ်တွင် အောက်တိုဘာလ ပထမပတ်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးစစ်ဆင်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံပြည်သူများအတွက် အရေးပေါ် အကူအညီများအပြင် ကျန်းမာရေးစောင့် ရှောက်မှုနှင့် ဆေးဝါးများ အဓိက လိုအပ်နေကြောင်း ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူ ကိုတိုးဝေအောင်က ပြောသည်။

“ရက်ရှည်လာတော့ နေမကောင်းတာ ကျန်းမာရေး လူကြီးတွေ ဖြစ်လာပြီဆိုရင် အဲ့ဒါ အဲဒီစစ်ရှောင်စခန်း ဝန်းကျင်ကို ကျန်းမာရေးစောင့်ရှောင့်မှု ဆေးဝါးကအစ လိုတာပေါ့။ အစားအသောက်က ပြည်သူကပြည်သူ အချင်းချင်း ပြန်ပြီးကြိုးစားပြီး ရုန်းကန်လို့ရပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုကတော့ ဒီတိုင်းသာ စစ်ကြောင်းက မထွက်သေးဘူး ထပ်လည်းထိုးနေအုံးမယ် ဆိုရင်တော့ ခက်ခဲလာမယ်။ ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေအတွက်ဆို ပိုဆိုးတာပေါ့၊ မိုးတွင်းကာလ ဖြစ်တဲ့အတွက်ကြောင့်လည်း ရာသီအဖျားတွေ ဖျားတာတွေ ရှိတယ်။ အခုတော့ ဖြစ်သလိုပေါ့ ရှိတာနဲ့ ဝိုင်းကုပေးနေတာ။ အဲ့လိုအနေအထား” ဟု ကိုတိုးဝေအောင်က ပြောသည်။

စစ်ရှောင်ပြည်သူများ လိုအပ်နေသည့် စားဝတ်နေရေးအတွက်လည်း ကြိုးစားပြီး ဖြေရှင်းနိုင်သော်လည်း ဆေးဝါးနှင့် ကျန်းမာရေးအတွက် လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထောက်ပံ့မှု အလုံအလောက် မရရှိသလို မိုးတွင်းကာလ မြွေဆိုးကိုက်ခြင်း အန္တရာယ်များလည်း ကြုံနေရသည်ဟု ကိုတိုးဝေအောင်က ဆက်ပြောသည်။

“လက်ခံပြီးတော့ ကျွေးမွေးနေတဲ့လူတွေမှာလည်း စားနပ်ရိက္ခာခက်ခဲလာတာ၊ ခက်ခဲလာတော့ အဲ့ခက်ခဲမှုက လိုက်အလှူခံပြီးတော့ ဖြေရှင်းရတာ။ ကြိုးစားပြီးတော့ ရသေးတယ်။ အခု ဘာတွေဖြစ်နေလည်းဆိုရင် အခု ကာလ မြွေအရမ်းပေါတယ်။ ဒီကာလမှ မြွေကိုက်ခံရတယ်။ စစ်ရှောင်တဲ့သူတော့ မဖြစ်သေးဘူး။ မြွေကိုက်ခံရနှုန်း အရမ်းများတယ်။ စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးတခုခု ဖြစ်ပြီးဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှု နေရာတွေဆီ ရောက်အောင်သွားဖို့၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောင်မှုတော့ ရှိတယ်။ ဒီ NUG နဲ့ ချိတ်ဆက်ပြီး MOD (ကာကွယ်ရေး) နဲ့ ချိတ်ဆက်လုပ်တာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ချိတ်ဆက် လုပ်ဆောင်နေသော်လည်း မြေပြင်အခြေအနေအရ လူအင်အား၊ ဆေးဝါးများ မရှိသောကြောင့် စစ်ကြောင်းထိုးမှု၊ စစ်ရေးတင်းမာမှု အခြေအနေများ အချိန်ကြန့်ကြာမှု အပေါ်မူတည်၍ ပိုမိုခက်ခဲလာနိုင်သည်ဟု ပြောသည်။

“အဲ့ဒါတွေကလည်း အင်းအား အလုံအလောက် မရှိတဲ့အတွက် နာတာဖျားတာတွေဖြစ်ပြီ ဆိုရင်တော့ စစ်ရှောင် နေရတဲ့ရွာမှာရှိတဲ့ ဆရာမတွေနဲ့ ဖြစ်သလို ကုရတာပေါ့။ ရေရှည်လာခဲ့ရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုက တော့ ဒီထက်မက ခက်ခဲလာနိုင်တယ်” ဟု ကိုတိုးဝေအောင်က ပြောသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ကြောင်း တစ်ပြိုင်နက် စစ်ကြောင်းထိုးစစ်ဆင်လာမှုကြောင့် ကျေးရွာ ၁၅ ရွာ ထွက်ပြေးနေရပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် ကျေးရွာတချို့ပါ မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက “စစ်ကြောင်းက ပုလဲနယ်ထဲကို ပုလဲမြို့နယ်မြောက်ခြမ်းကို စစ်ကြောင်းထိုးထားတယ်၊ စစ်ကြောင်းနှစ်ကြောင်း ခွဲထားတယ်။ စစ်ကြောင်းရွှေ့ရင် ရွှေ့သလို စစ်ကြောင်း နှစ်ခုက ပြိုင်ထွက်ပြီးတော့မှ တောက်လျှောက် စစ်ကြောင်းထိုးနေတာပေါ့။ စစ်ကြောင်းထိုးတဲ့တလျှောက် ရွာတွေက စစ်ဘေးရှောင်နေရတာပေါ့။ ခန့်မှန်းခြေ ၅ သောင်း ဝန်းကျင်‌လောက် စစ်ဘေးရှောင်နေတယ်လို့ ပြောလို့ ရတယ်။ ပုလဲတောင်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာလည်း ရှိနေတာပေါ့။ မြောက်ခြမ်း တောင်ခြမ်းကော ရှောင်နေရတာ၊ ရွာကတော့ ၁၅ ရွာ ဝန်းကျင်လောက် ရှောင်ရတယ်။ ရှောင်နေရတာက ဒီစစ်ကြောင်းက ပုလဲမြို့ပေါ် ရောက်ပြီးဆိုတာနဲ့ ရှောင်နေရတယ်” ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုန်းကြီးများပင် စစ်ဘေးရှောင် ထွက်ပြေးနေရသည်ဟု ဆိုသည်။ စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့သည့် ကျေးရွာများမှာ မြကုန်း၊ ကုက္ကို ကုန်း၊ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်၊ လက်တောင်းကြီး၊ စေတီယုံ၊ သေတ္တရာ၊ ဆင်ရှင်၊ ခေါ်သန္တီ၊ သီတင်း နှင့် မုံသွင်ကျေးရွာတို့ ဖြစ်ကြသည်။

အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများသည် စစ်ကြောင်းထိုးလာပါက ကျေးရွာများအသီးသီးမှ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရပြီး စစ်ကြောင်းများ ပြန်ထွက်သွားပါက ရွာထဲ ပြန်လည်နေထိုင်ကြရသည်။ သို့သော် ရွာသား တချို့သာ ၎င်းတို့၏ နေရပ်ကျေးရွာတွင် ပြန်လည်နေထိုင်ကြသောလည်း အများစုမှာ သတ်မှတ်ထားသည့် စစ်ရှောင် နေရာများတွင် နေကြသည်။

ပုလဲမြို့နယ်ထဲတွင် ပျူစောထီးရွာများဖြင့် နီးစပ်သည့်ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများသည် ၎င်းတို့၏ ရွာများမှ စွန့်ခွာထွက်ပြေးနေရပြီး အမြဲတမ်း စစ်ဘေးရှောင်နေရာ ၄ နေရာရှိရာ ချောင်းဦးကျေးရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကို ၃ ကြိမ် ခံထားရသည်ဟု ဒေသခံများနှင့် စစ်ရှောင်များကို ကူညီပေးနေသူ များက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here