စစ်ကောင်စီက AA တပ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုဆက်ဖြစ်လာပါက ရခိုင်တွင်တိုက်ပွဲများ ပြန်ဖြစ်နိုင်ကြောင်း ဦးခိုင်သုခပြောဆို

0
247
ပုံစာ- ULA/AA ပြောခွင့်ရ ဦးခိုင်သုခ (Photo - ULA/AA)

စစ်ကောင်စီတပ်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်သည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်လာပါက ရခိုင်တွင် တိုက်ပွဲများ ပြန်ဖြစ်သည့်အဆင့်ကို ရောက်သွားနိုင်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲ၍ AA တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် စက်တင်ဘာ၂၈ ရက်ကလည်း စစ်ကောင်စီတပ်၏ ခါယာတောင်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ၊ လက်နက်ကြီးကျည်သည် လိုင်ဇာရှိ AA မုန်လိုင်ခက်စခန်းအတွင်း ကျရောက်ပေါက်ကွဲ၍ AA မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး ကျဆုံးသွားခဲ့ပြီး ဒဏ်ရာရသူတချို့ ရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က AA တပ်စခန်းများကို ဦးတည်တိုက်ခိုက်မှု ဖြစ်စဉ်များ ဆက်တိုက် ရှိလာသည့်အတွက် စစ်ရေးတင်းမာမှု မြင့်တက်လာသည့် အနေအထားရှိသည်ဟု ဦးခိုင်သုခက ပြောသည်။

“ပြောရမယ်ဆိုလို့ရှိရင် ၂၀၂၂ တကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားခဲ့တာဟာလည်း ကျနော်တို့ စစ်စခန်းတွေကို မြန်မာစစ်တပ်က ဦးတည်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ နောက်ပိုင်းမှာ တင်းမာမှုတွေ ပိုမြင့်တက်လာပြီးတော့မှ နောက်ဆုံးတိုက်ပွဲတွေ ပြန်ဖြစ်တဲ့အဆင့်ကို ရောက်သွားခဲ့တာ ဖြစ်တယ်။ အခုလည်းပဲ မြန်မာစစ်တပ်ဘက်က ကျနော်တို့ တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ များလာလို့ရှိရင်တော့ အခြေအနေကတော့ အပြောင်းအလဲတွေ ရှိလာနိုင်တာပေါ့” ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိ နားလည်မှုနှင့် အပစ်ရပ်ထားသည့် ရခိုင်တွင် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ငြိမ်းချမ်းနေသည့် အခြေအနေက အပြောင်းအလဲ ရှိလာနိုင်သည်ဟု ၎င်းက ဆိုသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစကာ ရခိုင်မှာ နှစ်ဘက်နားလည်မှုနှင့် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက AA တပ်စခန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေမှုသည် တမင် ရန်စမှု ဖြစ်သည်ဟုလည်း ရခိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်သည်။

“သူတို့က မထိတရိ ရန်စတယ်လို့ မြင်တာပေါ့နော်။ AA က ပြည်သူကိုကြည့်ပြီး အခြေအနေကို ထိန်းနေတယ်လို့တော့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၌ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတစ်ခုကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာ ရသွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးအခြေအနေ တင်းမာလာခဲ့ပြီး တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here