CDM စစ်ကောင်စီတပ်သား ၃၀ ရာခိုင်နှုန်းခန့် စစ်ကောင်စီကို ပြန်တိုက်ခိုက်နေဟုဆို

0
193
ပုံစာ - ကရင်နီပြည်သူ့ရင်ခွင်မှာ CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်ရှိပြီ။

ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီးနောက် လက်ရှိအချိန်ထိ CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ရှိပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ဒေသတွင်းတိုက်ပွဲတွေမှာ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်တိုက်ခိုက်နေပြီလို့ ကရင်နီပြည်သူ့ရင်ခွင်ရဲ့ တာဝန်ရှိသူက ပြောပါသည်။

ကရင်နီပြည်သူ့ရင်ခွင်ရဲ့ဌာနမှူး ကိုယုန်လင်းက “၃၀ ရာခိုင်နှုန်းက တကယ်တမ်းသုံးတာပဲ ရှိတယ်ပေါ့နော။ တကယ်တမ်း ၅၀ ရာခိုင်နှုန်းအထိ သုံးလို့ရတယ်။ ဒါပေမဲ့ ၃၀ ရာခိုင်နှုန်းပဲ သုံးတာဖြစ်တယ်။ နောက်ကျန်တဲ့သူ တွေက ရုံးပိုင်းတွေ လုပ်ကြတယ်။ တချို့ကလည်း ထောက်ပို့ပိုင်းတွေ လုပ်ကြတယ်။ တချို့ကလည်း နဂိုကတည်းက အခွင့်အရေးပေးထားတယ်။ အေးဆေးနားချင်လား မိသားစုနဲ့နေချင်သူတွေကိုလည်း ပေးနားတာ ရှိတယ်။ သူတို့ရဲ့မိသားစုနဲ့ ရပ်တည်နိုင်ဖို့လည်း လက်ရှိအခြေနေမှာ လုပ်ဆောင်နေတယ် ။ အခုလည်း ကိုယ့်မိသားစုနဲ့ကိုယ် ရပ်တည်နေပါပြီ စည်းနဲ့ဘောင်နဲ့ ပေါ့နော” ဟု ပြောဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း ပြည်သူ့ရင်ခွင်မှာ CDM ပြုလုပ်သူအယောက် ၃၀ ကျော် ရှိပြီး အများစုကတော့ တပ်မ ၆၆ လက်အောက်ခံ၊ တပ်မ ၅၅ နဲ့ ကရင်နီပြည်အခြေစိုက် တပ်ရင်းတွေကနေ ခိုလှုံလာတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါသည်။

ကာလကြာလာတာနဲ့အမျှ စစ်ကောင်စီတပ်တွင်း၌ မခံနိုင်တဲ့ဖိအားတွေ၊ အာဏာရှင်စနစ်ကို မကြိုက်တာ၊ တပ်မ ဖွဲ့စည်းပုံ ပျက်ယွင်းလာတာကြောင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာကြသူတွေဖြစ်တယ်လို့ ကိုယုန်လင်းက ရှင်းပြသည်။

လက်ရှိမှာလည်း ဒေသတွင်းတိုက်ပွဲတွေမှာ CDM ဌာနကနေ စစ်ကြောင်းတကြောင်း ဦးဆောင်ပြီး စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်နေတာလည်းရှိတယ်လို့ ကိုယုန်လင်းက အခုလို ဆက်ပြောသည်။

“တိုက်ပွဲတွေက တောက်လျှောက်ဝင်နေပြီပေါ့နော။ မယ်စဲ့မြို့မရဲစခန်းကိုသိမ်းတာ CDM တွေ အများကြီးပါတယ်။ ကျနော်တို့ကိုယ်တိုင် ဦးဆောင်ပြီးတော့ တိုက်ပွဲတွေမှာ ရဲစခန်းကို ဦးဆောင်ပြီး သိမ်းတဲ့မျိုးတွေ လုပ်တယ်။ ပန်တိန်းကို သိမ်းတာလည်း CDM ပါတယ်။ ဖားဆောင်းကနေလာတဲ့ စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာလည်း CDM တွေ အများစုပါတယ်ပေါ့နော။ တော်လှန်ချင်တဲ့သူရယ် တော်လှန်နိုင်တဲ့သူတွေကို ကျနော်တို့ပို့ပေးတယ်။ ဒီးမော့ဆို ဒေါညေးခူ၊ ဒေါကမီး တကြောမှာလည်း တောက်လျှောက်ပါတယ်ပေါ့နော။ ထိခိုက်ဒဏ်ရာလည်း ရသူရှိသလို CDM ထဲကနေ ရဲဘော်တွေကိုယ်တိုင် ဦးဆောင်ပြီးတော့တိုက်တဲ့ စစ်ကြောင်းတကြောင်း ဦးဆောင်ပြီး တိုက်တာမျိုးလည်း ဦးဆောင်ပြီးလုပ်နိုင်တဲ့ အနေအထားမျိုး ရှိနေပြီပေါ့” လို့ ၎င်းက ပြောပါသည်။

ပြီးခဲ့တဲ့ နှစ်လအတွင်း လက်နက်မဲ့ခိုလှုံလာသူ ၁၀ ဦး ကျော်နဲ့ လက်နက်နဲ့အတူ ခိုလှုံသူ ၃ ဦးရှိကြောင်းနှင့် လက်နက်အပြည့်အစုံနဲ့ ခိုလှုံလာသူတွေကိုတော့ ဆုကြေးငွေ ချီးမြင့်တာတွေ ရှိတယ်လို့ ဆိုသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လက်အောက်ရှိ CDM ဌာနမှာ စစ်ကောင်စီတပ်သားတွေ အတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်ထားခြင်း ဖြစ်သည်။

အလားတူ KNPP ၏ ဘက်ပြောင်းခိုလှုံသူများနှင့် CDM ကြီးကြပ်ရေးကော်မတီမှလည်း CDM ပြုလုပ်ပြီး ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်သားတွေအတွက် နေရာထိုင်ခင်းနဲ့ လုံခြုံရေးကို စီစဉ်ထားပေးတာကြောင့် ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here