ရခိုင်မှ မှတ်ပုံတင်ခွင့်ရပါတီများ အချက်အလက်လွဲမှားနေမှု UEC က ပြင်ဆင်ခွင့်မပေးသေးဟုဆို

0
245
ပုံစာ- ရခိုင်မှမှတ်ပုံတင်ခွင့်ရရှိထားသည့် နိုင်ငံရေးပါတီ ၅ ခုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံတို့ တွေ့ဆုံခဲ့စဥ်။ (Photo-MOI)

ရခိုင်ပြည်နယ်မှ မှတ်ပုံတင်ခွင့်ရပါတီများ အချက်အလက်လွဲမှားနေမှုကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ပြင်ဆင်ခွင့်မပေးသေးကြောင်း ပါတီများထံမှ သိရသည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)တို့ ဖြစ်သည်။

အဆိုပါ ပါတီ ၅ ခု၏ ပါတီဝင်များ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့စဉ်ကနှင့် ယခုလက်ရှိ အခြေအနေမှာ ကွဲလွဲမှုများ ဖြစ်ပေါ်နေ၍ အချက်အလက် အမှန်များအဖြစ် ပြန်လည်ပြင်ဆင်၍ အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထားပြီး UEC ထံ ပြန်လည်ပေးပို့ရန် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း သိရသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အတည်ပြုထားသည့် ပါတီဝင်စာရင်းများနှင့် ပယ်ထားသည့် ပါတီဝင်စာရင်းတို့ကို ပါတီများအား တစုံတရာအကြောင်းပြန်မှု မရှိသေးခြင်းကြောင့် ကွဲလွဲနေမှုများကို ပြန်လည်ပြင်ဆင်ပေးပို့နိုင်ခြင်း မရှိသေးကြောင်း မြိုတိုင်းရင်းသားပါတီဥက္ကဋ္ဌ ဦးအေးထွန်းက ပြောသည်။

“မြို့နယ်ကော်မရှင်တွေကို UEC က တာဝန်ပေးတယ်။ အစစ်ဆေးသွားခံတဲ့အခါ ဘယ်နှစ်ယောက်ကိုပယ်ပြီး ဘယ်နှစ်ယောက်ကို အတည်ပြုတယ်ဆိုတာ သူတို့က တိတိကျကျ အဖြေမထုတ်သေးဘူး။ အဲ့ဒါကြောင့် ဘယ်လို ပြန်တင်ရမယ်ဆိုတာ မသိရသေးတဲ့အတွက် ခုချိန်ထိ မပြင်ဆင်ရသေးသလို အသစ်ပြန်ပြီး မတင်ရသေးဘူး။ ဒီလောက်နဲ့ပဲ ရပ်နေသေးတယ်” ဟု ဦးအေးထွန်းက ပြောသည်။

ယခုလို UEC က တိတိကျကျ မထုတ်ပြန်သည့်အတွက် မှတ်ပုံတင်ခွင့်ရပါတီများမှာ သတ်မှတ်ထားသည့် အောက်တိုဘာ ၃၀ ရက်တွင် မတင်ပြနိုင်ပါက ပါတီများ ဖျက်သိမ်းခံနိုင်ရသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့သတ်မှတ်ထားတဲ့ အယောက်တစ်ထောင်ကို သတ်မှတ်ထားတဲ့ရက်မှာ မတင်ပြနိုင်ရင် ဥပဒေအရ ပါတီ ဖျက်သိမ်း ခံရနိုင်တယ်။ သူတို့ဘက်က မထုတ်ပြန်သရွေ့တော့ ကျနော်တို့စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတာပေါ့နော်” ဟု ဦးအေးထွန်းက ပြောသည်။

အဆိုပါပါတီများတွင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့စဉ်က ပါရှိသွားသည့် ပါတီဝင်များ၏ နေရပ်လိပ်စာတချို့မှာ လက်ရှိတွင် လိပ်စာပြောင်းရွှေ့သွားကြခြင်းကြောင့် လိပ်စာလွဲမှားနေခြင်းတို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်ကို ဆက်သွယ်သော်လည်း မီဒီယာများကို အင်တာဗျူးမဖြေလိုဟု ပြန်ပြောပါသည်။

စစ်ကောင်စီ လက်အောက်ခံ UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်နှင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ပြီး ဥပဒေသစ်အရ ပါတီမှတ်ပုံတင် လျှောက်ထားရန် နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် ရခိုင်မှ အထက်ပါပါတီ ၅ ခုနှင့် ဦးသာထွန်းလှ ဦးဆောင်သော ရခိုင်အမျိုးသားပါတီ (ANP)၊ စုစုပေါင်း ပါတီ ၆ ခုသည် UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ပါတီများအနက် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP) ကို ဇူလိုင်လ ၃ ရက်တွင်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မေလ ၅ ရက်တွင်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီ (MNP) ကို မေလ ၄ ရက်တွင် လည်းကောင်း၊ ရခိုင့်ဦးဆောင်ပါတီ (AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ (RSNUP) ကို မေလ ၂ ရက်တွင်လည်းကောင်း UEC က မှတ်ပုံတင်ခွင့်ပြုထားပြီဖြစ်သည်။

ရခိုင်မှ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ပါတီ ၆ ခုအနက် ANP ပါတီတစ်ခုတည်းကိုသာ UEC က မှတ်ပုံတင်ခွင့် ချမပေးသေးကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here