မူဆယ်မြို့သို့စစ်ရှောင်လာသူများ အလုပ်အကိုင်ပျက်ကွက်မည့်စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

0
183
ပုံစာ - မူဆယ်တွင် စစ်ရှောင်လာကြသည့်သက်ကြီးတချို့။

သျှမ်းပြည် မူဆယ်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မူဆယ်တွင် စစ်ဘေးရှောင်လာကြသော ဒေသခံ ရွာသားများသည် အလုပ်အကိုင်ပျက်ကွက်မည့် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ – တရုတ် နယ်စပ် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု စယ်လန့်ရွာ၊ မန်ကန်ရွာ (မၢၼ်ႈၵၢင်) ၊ နမ့်ကတ်ရွာ (မၢၼ်ႈၼမ့်ၵတ်း)၊ ဂေါင်ရာရွာသစ်၊ မိုင်းဆတ်ရွာ (မၢၼ်ႈမႆ့သၵ်း) များမှ စစ်ရှောင်ရောက်ရှိလာခြင်း ဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့က ၎င်းတို့၏နေရပ်ကို ပြန်သွားခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

“တုန်ခွမ်ရွာမှာ စစ်ရှောင် ၃၀၀ ကျော် ရှိတယ်၊ သူတို့က နှစ်လအတွင်းမှာ စစ်ရှောင်လိုက် ပြန်သွားလိုက် နဲ့ ၃ ကြိမ် မြောက် စစ်ရှောင်ရတာပေ့ါ၊ အဲ့ဒါကြောင့် လုပ်ငန်းတွေ ပျက်ကြရတာ၊ အခုလည်း တိုက်ပွဲ မရှိတော့ပေမဲ့ စစ်ရေး တင်းမာမှုတော့ ရှိတုန်းမို့ ကြောက်တော့ကြောက်တာပေါ့Ó ဟု အဆိုပါ စစ်ရှောင်ကူညီပေးသူက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းမှ စပြီး သြဂုတ်လ ၃၀ ရက် အထိ စစ်ကောင်စီနှင့် TNLA တပ်တို့သည် စယ်လန့်ကျေးရွာ အနီး၌ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် စယ်လန့်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာရှိ ဒေသခံ ၆၀၀ နီးပါး စစ်ရှောင်ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များသည် မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်၊ စွမ်စော်ရပ်ကွက်၊ တိန်းလုံ ရပ်ကွက် ၊ ပန်ခမ်းရွာ နှင့် နမ့်ခမ်းမြို့နယ် တုန်ခွမ်ရွာတို့ရှိ အမျိုးအိမ်များသို့ စစ်ရှောင်ခိုလှုံနေကြခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ ထိတွေ့တိုက်ပွဲ မရှိနေသော်လည်း စစ်ရေးတင်းမာမှုများ ရှိနေသေးသည့်အတွက် တချို့စစ်ဘေးရှောင်မှာ နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း စစ်ရှောင်ကူညီပေးသူက ဆက်ပြောသည်။

“မန်နိမ့် ကျေးရွာဘက်က စစ်ရှောင် ၂၀၀ ဝန်းကျင်လောက်တော့ မပြန်သေးဘူးလို့ သိရတယ်၊ သူတို့ရွာနားမှာ စစ်ကောင်စီစစ်ကြောင်း ရှိနေသေးလို့ ရွာထဲပေးမဝင်မှာကြောက်လို့ မပြန်သေးတာတဲ့၊ တိုက်ပွဲထပ်ဖြစ်မှာလည်း ကြောက်တာပေါ့” ဟု ၎င်းက ပြောသည်။

ဒေသခံကျေးရွာသားများ နေအိမ်စွန့်ခွာပြီး စစ်ရှောင်ထွက်ပြေးကြချိန်က ကျေးရွာအတွင်း ဝင်လာသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ဒေသခံများ၏ နေအိမ်များကို ဖောက်ထွင်းပြီး အတွင်းပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်နေရာယူခြင်းတို့ ရှိနေသည်ကို စုံစမ်းသိရသည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် TNLA တပ်တို့၏ တိုက်ပွဲကြောင့် အရပ်သား နေအိမ်များ လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးရသည့်အပြင်၊ အရပ်သား ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း တို့လည်း ရှိခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here