မကွေး၊ ပေါက်မြို့အနီး ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

0
290
ပုံစာ- မကွေး၊ ပေါက်မြို့အနီးတွေ့ရသည့် ကား ၇၃ စီးပါစစ်ကောင်စီယာဉ်တန်း။(Photo-Pauk Newsletter page)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအနီး အောက်တိုဘာ ၃ ရက်နေ့က ကား ၇၃ စီးပါ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ပခုက္ကူအခြေစိုက် စစ်ကောင်စီ တပ်မ (၁၀၁) ကနေ ရိက္ခာအပြည့်နှင့် စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ယာကြီးပြင်ကျေးရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ မြိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ယာဉ်တန်းရှေ့ပွိုင့်က စကစ တပ်ဖွဲ့ဝင်တွေ ယာကြီးပြင် ပျူရွာကနေ တက်လာတာကို အုန်းတောတံတား အနောက်ထိပ်မှာ တိုက်ခိုက်ခဲ့တာပါ၊ စစ်ကောင်စီဘက်က ၃ ဦး နေရာမှာပဲ သေသွားတယ်” လို့ အဆိုပါ မြိုင်ပကဖ တာဝန်ရှိသူက ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်မ-၇၄ မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးနှင့် တပ်မ- ၁၀၁ မှ တပ်သား ၂ ဦး နေရာမှာပဲ သေဆုံးသွားပြီး ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းသည် ရှေ့မတိုးနိုင်တာကြောင့် အုန်းတောတောင်ကျေးရွာကို ဝင်ရောက် မီးရှို့စဉ် ပဒေသာမိုင်း ပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံးခဲ့တယ်ဟု ဆိုသည်။

ဒေသခံများ၏ ပြောဆိုမှုအရ ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်းမှ ကားအစီး ၄၀ လောက် သည် စစ်ကောင်စီ တပ်က ပေါ်တာအဖြစ် ဆွဲသုံးထားသည့် ပြည်သူပိုင်ဖောကားများ ဖြစ်တယ်လို့ ဆိုသည်။

ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်းသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများနှင့် စစ်ကောင်စီ တပ်စခန်းတချို့ကို ရိက္ခာပို့မည့် ယာဉ်တန်းဟု ယူဆကြောင်းနှင့် အဆိုပါစခန်းရှိ နေရာများကို ဂန့်ဂေါမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရိက္ခာဖြတ်တောက်ထားသည်မှာ ခြောက်လကျော်ကြာမြင့်နေပြီး ဖြစ်တဲ့ အတွက် ယခုလို ရိက္ခာပို့မည့်ယာဉ်တန်းဟု သုံးသပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယင်းစစ်ကောင်စီ ယာဉ်တန်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်း ၃ နှင့် ဗိုလ်တစ္ဆေ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်း စစ်ကြောင်း ချီတက်လာကြောင့် ပခုက္ကူ- ပေါက် လမ်းပိုင်းမှ ကျေးရွာ ၁၈ ရွာ ထက်မနည်း ထွက်ပြေး တိမ်းရှောင်နေကြရပြီး လက်ရှိအချိန်အထိ ဒေသခံရွာသားများ နေရပ် မပြန်ရဲကြသေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ က စပြီး စစ်ကောင်စီယာဉ်တန်း ချီတက်လာသည့် ပခုက္ကူ -ပေါက် လမ်းပိုင်း နှင့် ပုသိမ်-မုံရွာ လမ်းပိုင်းမှာ ရှိသည့် ပေါက်-ဆိပ်ဖြူ လမ်းပိုင်းကို သွားလာအသုံးမပြုကြရန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အသိပေးပြောဆိုထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here