ကျောက်တော်၊စစ်ဘေးရှောင်စခန်းအနီး မပေါက်ကွဲသေးသည့်လက်နက်ကြီးကျည် အမြန်ဆုံးဖယ်ရှားပေးဖို့ တောင်းဆို

0
230
ပုံစာ - ကျောက်တော်၊ စစ်ဘေးရှောင်စခန်းအနီး မြေကြီးထဲ၌စိုက်ဝင်နေသည့် လက်နက်ကြီးကျည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းအနီး တွေ့ရှိရသည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးကို အမြန်ဆုံးဖယ်ရှားပေးရန် စခန်းနေစစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

အဆိုပါလက်နက်ကြီးကျည်သည် ဝါးတောင်စစ်ဘေးရှောင်စခန်း အနောက်ဘက် ၅ ဖာလုံအကွာ တောင်ကုန်းပေါ်ရှိ မြေကြီးထဲ၌ စိုက်ဝင်နေသည်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ကတက်ဥ သွားတူးစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဝါးတောင်စစ်ရှောင်စခန်းတာဝန်ခံ ဦးနိုင်ဝင်းထွန်းက “လက်နက်ကြီးကျည်က မြေကြီးထဲမှာတပိုင်း၊ အပြင်မှာ တပိုင်း ပေါ်နေတာပါ။ တစ်ယောက်မှ အနားမကပ်ရဲကြဘူး။ အဲဒီဘက် မသွားကြနဲ့လို့တော့ သတိပေး ပြောထားပါတယ်” ဟု ပြောသည်။

လက်နက်ကြီးကျည် မပေါက်ကွဲသေးသည့်အတွက် မသိနားမလည်သူတစ်ဦးဦးက သွားရောက်ထိကိုင်မိပါက ပေါက်ကွဲနိုင်၍ အမြန်ဆုံး ဖယ်ရှားပေးရန် သက်ဆိုင်ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူများကို အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း ၂ လ ကြာမြင့်သည့်အထိ မည်သူကမျှ လာရောက်ဖယ်ရှားခြင်း မရှိသေးဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

ဝါးတောင်စစ်ရှောင်စခန်းတွင် အိမ်ခြေ ၆၀ ကျော် ရှိပြီး ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ ခမောင်း၊ လေကွိ၊ တဲဝ၊ ကင်ပိ စသည့် ကျေးရွာများမှ လာရောက်စစ်ဘေးရှောင်သူ ဦးရေ ၃၈၀ ဦး ရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယခုလက်နက်ကြီးကျည် တွေ့ရှိထားသည့် နေရာအနီးတဝိုက်သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည့်နေရာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ အထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းကျန်ပစ္စည်း ပေါက်ကွဲမှုကြောင့် ဒေသခံ ၄၉ ဦး သေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ခဲ့ဖူးသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here