ဘိုကလေးမြို့တွင် အကြမ်းဖက်သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရသူလူငယ် ၄ ဦး သေဒဏ်ချခံရ

0
172
ပုံစာ - ဘိုကလေးမြို့က လူငယ် ၄ ဦးကို ဖျာပုံခရိုင်တရားရုံးက သေဒဏ်အမိန့်ချ။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် အကြမ်းဖက်သတ်ဖြတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် လူငယ် ၄ ဦးကို ဖျာပုံခရိုင်တရားရုံးက သေဒဏ်အမိန့်ချလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူများကပြောသည်။

သေဒဏ်အမိန့်ချမှတ်ခံရသူ လူငယ် ၄ ဦးမှာ ဘိုကလေးမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်အမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ ဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူများ၏ မိသားစုဝင်တစ်ဦးက “ညှဉ်းပန်းနှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံး လုပ်ပါတယ်ဆိုပြီး ဝန်ခံခဲ့ကြရတာဗျ” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသည့် မသူဇာကြီး (ခေါ်) မသူဇာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

မသူဇာကြီး သေနတ်ဖြင့်ပစ်ခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံစစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ဘိုကလေးမြို့ရှိ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်း တို့ကို စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၄ ဦးကို ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက တစ်နှစ်ကျော်အကြာ စစ်ဆေးပြီးနောက် စက်တင်ဘာ လ ၁၂ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးနှင့် နီးစပ်သူတစ်ဦးက “သူတို့ ၄ယောက်လုံးကို ပုဒ်မ-၃၀၂၊ ပုဒ်မ-၁၀၉ တို့နဲ့ သေဒဏ်ချလိုက်တာ။ တခြား ပုဒ်မတွေနဲ့လည်း ထောင်ဒဏ် ချထားတွေ ရှိသေးတယ်” ဟု ပြောသည်။

ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက သေဒဏ်ချမှတ်ခံထားရသူ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင် နှင့် ကိုနိုင်ဝေလင်းတို့ကို ဖျာပုံအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဘိုကလေးမြို့ခံတစ်ဦးက “ဒီ ၄ ယောက်လုံးက ဘိုကလေးမြို့ခံတွေပါ။ PDF တွေ ဆိုပြီး ဖမ်းချင်လို့ကို ဖမ်းတာ။ မတရားမှုတွေကို မကြိုက်တဲ့သူတွေပေါ့။ ငွေလည်းမလိုက်နိုင်ကြတော့ မတရားခံကြရတာ” ဟု ပြောသည်။

မသူဇာကြီး (ခေါ်) မသူဇာအား သေနတ်ဖြင့်ပစ်ခတ်မှုကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ် ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here