စစ်ကောင်စီက မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်များ ဖိအားပေးရောင်းချခိုင်း

0
126

စစ်ကောင်စီက ၎င်းတို့နှင့် ဖက်စပ်ကုမ္ပဏီများက ထုတ်လုပ်သည့် မြန်မာဘီယာအပါအဝင် အရက်မျိုးစုံ
နှင့် အောင်ဘာလေထီတို့ကို ဧရာဝတီတိုင်းအတွင်း အတင်းအကြပ် ဖိအားပေး ရောင်းချခိုင်းနေသည် ဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်ကောင်စီထုတ် မြန်မာဘီယာအပါအဝင် အရက်မျိုးစုံကို ဟိုတယ်၊ ကေတီဗွီ၊ စားသောက်ဆိုင်နှင့် အချိုရည်၊ ယမကာ စတိုးဆိုင်များတွင် ဖိအားပေး ခြိမ်းခြောက်ကာ ရောင်းခိုင်းနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အောင်ဘာလေ ထီကိုမှု ၎င်းတို့၏ဌာနဆိုင်ရာ ဝန်ထမ်းများကို လစာ၏ ၁၀ ရာခိုင်နှုန်းဖြင့် မဖြစ်မနေဝယ်ထိုးခိုင်းခြင်း ဖြစ်သည်။

စားသောက်ဆိုင် မန်နေဂျာတစ်ဦးက “အဓိက ကတော့ မြန်မာဘီယာပေါ့နော်။ ပြီးတော့ သူတို့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တခြား ခရိုနီကုမ္ပဏီတွေက ထုတ်တဲ့ အရက်တွေ၊ စီးကရက်တွေကို ဖိအားပေးဝယ်ခိုင်းပြီး ပြန်ရောင်းခိုင်းတာ။ ဝယ်မရောင်းရင် ပြဿနာရှာတယ်။ မရောင်းရင် ဒဏ်တပ်မယ်၊ လိုင်စင်ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ပထမပတ်အတွင်းက ပုသိမ်၊ ညောင်တုန်းနှင့် မြောင်းမြမြို့ အပါအဝင် အချို့မြို့များက စားသောက်ဆိုင်များတွင် မြန်မာယီယာ ရောင်းချခြင်းမရှိသဖြင့် စည်ပင်သာယာအဖွဲ့က ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ဒဏ်ရိုက်ခဲ့သည်ဟု စားသောက်ဆိုင်တချို့မှ သိရသည်။

ဌာနဆိုင်ရာဝန်ထမ်း၏ လစာ ဆယ်ရာခိုင်နှုန်းကို မိုင်တဲလ်ပေးဖြင့် တစ်ဦးလျှင် အောင်ဘာလေထီ တစ်အုပ်နှုန်း
လစာထုတ်သည့်ရက်တွင် တခါတည်းထိုးခိုင်းပြီး စကင်ရှော့ရိုက်ကာ ဌာနအကြီးအကဲထံ Viber ဖြင့် လျှို့ဝှက် ပို့ခိုင်းထားသည်ဟု တိုင်းစစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးရုံး ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

“ဌာနဆိုင်ရာအားလုံး မဖြစ်မနေ အွန်လိုင်းထီ ထိုးရတယ်။ မိုင်တဲဆင်းကဒ်လည်း မဖြစ်မနေဝယ် သုံးခိုင်းတယ်။ လကုန်ရင် လစာထဲက ဖြတ်တယ်။ ဟိုဖြတ်ဒီဖြတ်နဲ့ဆိုတော့ လစာနည်းတဲ့ အောက်ခြေဝန်ထမ်းတွေ စားဝတ်နေ ရေး ပိုကြပ်တည်းလာတယ်” ဟု အလယ်တန်းပြဆရာတစ်ဦးက ပြောသည်။

စစ်ကောင်စီထုတ် မြန်မာဘီယာနှင့် အရက်မျိုးစုံကို စစ်တပ်က ဖိအားပေးကာ ရောင်းချခိုင်းခံနေရခြင်းနှင့်
ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများက အရေးယူတိုက်ခိုက်မည်ကို စိုးရိမ်နေကြသည့်အပြင် မရောင်းပါကလည်း စစ်ကောင်စီက ဖမ်းဆီးဒဏ်တပ်မှုနှင့် အကြမ်းဖက်အဖြစ် စွပ်စွဲထောင်ချမှာကိုလည်း စိုးရိမ်ကြောက်လန့်နေကြရသည်ဟု ပုသိမ်မြို့ခံ စားသောက်ဆိုင်တချို့က ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် စစ်တပ်ထုတ် အရက်၊ ဘီယာနှင့် လူသုံးပစ္စည်းများကို တင်ရောင်းခြင်း ရှိ/မရှိ စစ်ဆေး အရေးယူမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းအတွင်းက စားသောက်ဆိုင်များနှင့် အရက်ဘီယာရောင်းသည့် စတိုးဆိုင်များကို အသိပေး ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

တော်လှန်ရေး အင်းအားစုများကလည်း စစ်ကောင်စီက ထုတ်လုပ်သည့် မြန်မာဘီယာ (Myanmar Beer)၊ အက်ဒမန်ဂိုး (Andaman Gold) အရက် ဘီယာ အချိုရည်၊ ဒဂုံ (Dagon) အရက် ဘီယာ အချိုရည်၊ မန္တလေး (Mandalay) ဘီယာ၊ ရမ်၊ အာမီရမ် (Army Run) နှင့် ဘလက်ရှီး စတောက် (Black Shield Stout) တို့ကို ရောင်းချ သုံးစွဲခြင်း မလုပ်ဘဲ သပိတ်မှောက်ကြရန် တောင်းဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here