ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာမရသဖြင့် သေဆုံးမှုများရှိလာ

0
176
ပုံစာ - CDF-Paletwa ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။

ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေကြသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရရှိခြင်းကြောင့် သေဆုံးမှုများ ရှိနေသည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝမှ ရဲဘော်နှစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် နောက်တန်းတွင် တပ်ဖွဲ့မှပြုလုပ်နေသော ကွန်မန်ဒိုသင်တန်း တက်ရောက်နေစဉ် ကျဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့မှတာဝန်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

“လွန်ခဲ့တဲ့လမှာ ကွန်မန်ဒိုအထူးသင်တန်း ပြုလုပ်ရင်နဲ့ နောက်တန်းမှာ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရပါတယ်။ နောက်တန်းမှာ အော်ပရေးရှင်း မလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေ ရှိတယ်ပေါ့။ ဆေးဝါးအနေနဲ့ မလုံလောက်ဘူး ဆိုတာက ဆေးဝါးအနေနဲ့ အတော်အသင့်ရှိတဲ့ ဆေးဝါးနဲ့ခံယူခိုင်းခဲ့တယ်။ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ သူတို့မှာရှိတဲ့ ရောဂါအခံတွေလည်းပါတယ်။ ချက်ချင်း အော်ပရေးရှင်းမလုပ်နိုင်တဲ့ အပိုင်းတွေလည်း အခက်အခဲ ဖြစ်နေတော့ ခုလို့နောက်တန်းမှာ ရဲဘော်တွေ မြင့်မြတ်စွာ အသက်ပေးခဲ့ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရဲဘော် ဆလိုင်းဧနောင် (၁၉) နှစ်က ဩဂုတ် ၈ ရက်နှင့် ဆလိုင်းမောင်မောင် (၂၅) နှစ်က ဩဂုတ် ၃ ရက်မှာ ကျဆုံးခဲ့ပြီး အစာအိမ်နှင့် ကျောက်ကပ်ရောဂါ လက္ခဏာတွေ တွေ့ရှိခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

CDF – ပလက်ဝဆေးဌာနတွင် ဆေးအတန်အသင့်ရှိသော်လည်း အော်ပရေးရှင်းလုပ်နိုင်သော ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန် မရှိခြင်းကြောင့် ရဲဘော်များ အရေးပေါ်ဖြစ်လာချိန်တွင် တပ်စခန်းရှိသောနေရာနှင့် ခွဲစိတ်နိုင်မည့် ဆေးရုံဆေးခန်း နေရာသည် ၂ ရက် ခရီးတိတိ ကြာမြင့်သည်ဟု CDF ပလက်ဝမှ တာဝန်ရှိသူက ပြောသည်။

CDF မတူပီမှ ရဲဘော်တစ်ဦးသည်လည်း လုံလောက်သော ဆေးဝါးကုသမှုကို အချိန်မီ မရရှိသည့်အတွက် အိန္ဒိဘက်တွင် သွားရောက်ကုသစဉ် စက်တင်ဘာလ ၁၉ ရက်က ရုတ်တရက်သေဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင်းက ပြောသည်။

အဆိုပါရဲဘော်သည် အစာအိမ်ရောဂါဖြစ်နေရာ စခန်းတွင် ကုသပေးထားသော်လည်း ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်း မရှိ သည့်အတွက်ကြောင့် နောက်ဆုံးတွင် အိန္ဒိယဘက်ခြမ်းရှိ ဆေးရုံတွင် သွားရောက် ကုသခဲ့ကြောင်းနှင့် သို့ရာတွင် ရုတ်တရက် ရင်ဘတ်နာ၊ အသက်ရှုကြပ်လာ၍ ဆေးရုံးသို့ ထပ်မံ ပို့ဆောင် ကုသရာတွင် ကျဆုံးသွားခဲ့ရသည်ဟု ဆိုသည်။

ဆလိုင်းနိုင်ဂျွန်ကင်းက “တိုက်ပွဲမှာကျတာက တမျိုးပေါ့။ အခုလိုမျိုး ကျန်းမာရေးနဲ့ စောင့်ရှောက်မှု အားနည်းလို့ အသက်ပေးသွားတဲ့ ရဲဘော်တွေက တဖြည်းဖြည်းများလာတယ်။ အခုလည်း မိုးတွင်းကာလဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းလာရင်တော့ ပိုပြီးတော့ချူချာမယ့် ရဲဘော်တွေ အများကြီးရှိတယ်။ အဓိကက ကျနော်တို့က အခုချိန်မှာ ကျန်းမာရေးကျွမ်းကျင်သူတွေ အဓိကလိုတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကလည်း ပူးပေါင်းပါဝင်ပြီး အတူတကွ တော်လှန်ရေးမှာ ပါဝင်လာရင်တော့ အားနည်းချက်ကို အမြန်ဆုံး ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

CDF မတူပီတွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ရဲဘော်သေဆုံးမှုသည် ယခုက လေးယောက် မြောက် ဖြစ်ပြီး ယခင်က ငှက်ဖျားရောဂါ အပါအဝင် အခြားရောဂါများဖြင့်လည်း သေဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

ချင်းပြည်နယ်မှ ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့သည် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို နည်းလမ်း ပေါင်းစုံဖြင့် ဝယ်ယူနိုင်သော်လည်း ကျွမ်းကျင်သော ဆေးဝန်ထမ်း မရှိခြင်းက အဓိကပြသနာ ဖြစ်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတချို့က ပြောသည်။

တချို့ချင်းကာကွယ်ရေးတပ်ဖွဲ့များတွင် ဆေးဝါးနှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းပါ အားနည်းနေသည်ဟု သိရသည်။

ဆလိုင်းနိုင်ဂျွန်ကင်းက “ပြည်သူတွေက ကိုယ်ကျွမ်းကျင်ရာတစ်ခုကို ဒီတော်လှန်ရေးမှာ အသုံးဝင်အောင် ပါဝင်ပေးဖို့ပါပဲ။ ကျန်းမာရေးမှာ ကျွမ်းကျင်ရင် ဒီတော်လှန်ရေးမှာ ဘယ်လိုကူညီမလဲဆိုတာ သူတို့တတ်နိုင်တဲ့ ဘက်ကက ပါဝင်မယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ်။ ဒီကျန်းမာရေးက ဒီပြည်သူတွေအတွက်ရော ရဲဘော်တွေအတွက်ရော အဆင်ပြေမယ်ဆိုတာ ပြည်သူတွေ သိထားရင်တော့ အကောင်းဆုံးပေါ့။ အားလုံးက ဒီထက်မက ပူးပေါင်းပါဝင်မှု လုပ်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီကို ခုခံတွန်းလှန်ရာတွင် မြို့နယ်အလိုက် ဖွဲ့စည်းထားသော CDF များ၊ ဒေသနှင့် မျိုးနွယ်စု အလိုက် ဖွဲ့စည်းထားသော CDF တပ်များ ရှိပြီး အားကောင်းသည့် အဖွဲ့ရှိသကဲ့သို့ အားနည်းသော အဖွဲ့များလည်း ရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် CDF တပ်ဖွဲ့ မည်မျှ ရှိသည်ကို အတိအကျပြောရန် ခက်ခဲနေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here