ရွာငံတွင် စစ်ကောင်စီက ဒေသခံရွာသားများအား တောင်ယာလုပ်ခွင့်ပိတ်ထား

0
117
ပုံစာ - စစ်ကောင်စီက ရွာငံဒေသခံရွာသားများအား တောင်ယာလုပ်ခွင့်ပိတ်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်က တောင်ယာလုပ်ခွင့် ပိတ်ပင် ထားတာကြောင့် ဒေသခံတောင်သူများက စားဝတ်နေရေး ခက်ခဲလာမည်ကို စိုးရိမ်နေရသည်ဟု ပြောသည်။

ရွာငံ ပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့မှု ဖြစ်ပွားပြီးနောက်ပိုင်း စက်တင်ဘာလ ၅ ရက်နေ့ မှ စတင်၍ ကျေးရွာနေပြည်သူများကို ၃ ပတ်ဆက်တိုက် အစည်းအဝေးခေါ်ယူ၍ တောင်ယာလုပ်ခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု တောင်သူတချို့က ပြောသည်။

“တောင်သူတွေအတွက် အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွားဘန်းကြီးရွာဆိုတာ တောင်သူလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကြောင်း လုပ်ရတော့ တောခြံလေးတွေနဲ့ ဒီခရမ်းချဉ်ပင်ပေါ့နော်၊ နှစ်တိုပင်လေးတွေနဲ့ အသက်ရှင်နေရတယ်ဆိုတော့ သူတို့အဲလိုမျိုး မလုပ်ရတဲ့အခါကျတော့ ဒီအသီးအပင်တွေ ပျက်စီးဆုံးရှုံးတာ တွေရော အဖက်ဖက်ကနေပြီးတော့ အရမ်းနစ်နာ ဒုက္ခရောက်နေကြရတာပေါ့” ဟု ရွာငံအခြေစိုက် စစ်ရေးလှုပ်ရှားနေသည့် YPDF တာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်သည် ရွာငံတွင် နှစ်တိုသီးနှံ စိုက်ပျိုးချိန် ဖြစ်သည်နှင့်အညီ တောင်သူများမှာ စိုက်ပျိုးရေးစရိတ် အတွက် ချေးငှား၍ ရင်းနှီးထားရသောကြောင့် များစွာနစ်နာ ဆုံးရှုံးမှု ဖြစ်သည်ဟု ပြောဆိုကြသည်။

စစ်ကောင်စီတပ်များက ဒေသခံများကို တောင်ယာလုပ်ခွင့် ပိတ်ပင်ထားသည့်အပြင် နွားဘန်ကြီးကျေးရွာ အတွင်း၌ အင်အား ၂၀၀ ခန့်ဖြင့် တပ်စွဲထားပြီး ရွာပတ်ပတ်လည်တွင် မိုင်းအလုံးရေ ၅၀ ခန့် ထောင်ထား သောကြောင့် ကျေးရွာနေ ပြည်သူများမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။

“သူတို့က နွားဘန်ကြီးထဲမှာ တပ်စွဲထားတာလည်း ရှိတယ်။ အစစ်အဆေးလည်း တင်းကြပ်နေတယ်။ ကုန်ကား ရှိတဲ့ ကားသမားတွေကိုလည်း ဒီနေ့အစည်းအဝေး ခေါ်တယ်လို့ ကြားတယ်။ ဟိုနေ့တုန်းကလည်း သူတို့ ၂ ရက် တစ်ပတ် ၃ ရက် တစ်ပတ်ခြားပြီးတော့ အစည်းအဝေးခေါ်တယ်။ ခေါ်ပြီးတော့ ခြံတွေ မသွားဖို့၊ မလုပ်ဖို့ပေါ့။ ငတ်ပြတ်ပြီးသေလည်း သေပါစေဆိုပြီးတော့ အဲ့လိုမျိုး ပြောပြီးတော့ အစစ်အဆေး တင်းကြပ်နေတာလည်း ရှိတယ်” ဟု YPDF တာဝန်ခံက ဆက်ပြောသည်။

နွားဘန်ကြီးကျေးရွာနေ တောင်သူများက အစည်းအဝေးတွင် တောင်ယာ ပြန်လုပ်ခွင့်ပေးရန် ငွေကြေးပေး၍ စစ်ကောင်စီတပ်နှင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ဘူးဟု ဆိုကြသည်။

ထို့အပြင် တောင်ယာသွား သူများကိုလည်း ပစ်မိန့်ပေးထားသည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း တောင်သူများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က နွားဘန်ကြီးကျေးရွာ အတွင်းသို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များကို ရွာငံ ပြည်သူ့ကာကွယ်ရေးတပ် YPDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here