အင်းတော်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှဗုံးကြဲလို့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်


0
96
ပုံစာ- အင်းတော်တွင် စစ်ကောင်စီလေကြောင်းမှဗုံးကြဲလို့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်မူ။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့သည့်အပြင် ကပ္ပိယတစ်ဦးလည်း ပွဲချင်း​ပြီး သေဆုံးသွား သည်ဟု ဒေသခံများထံမှ သိရသည်။

အင်းတော်မြို့နယ်ရှိ ခရမ်းစပ်ကုန်းရွာမှာ စက်တင်ဘာလ ၁၅ ရက်နေ့၊ ည ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ် ဂျက်ဖိုက်တာတစ်စီးက ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု Indaw Revolution-IR တာဝန်ရှိသူက ပြောသည်။

“ခရမ်းစပ်ကုန်းရွာကို မနေ့ည ၈ နာရီလောက်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံး ၂ လုံး ကြဲသွားတာပေါ့၊ အဲမှာက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘူး။ နောက်ပြီး PDF တွေ ရှိနေတာမျိုးလည်း မဟုတ်ဘူး။ အဲ့ဒါကိုမှ တစ်ယောက် ယောက်က ဒလန်ဖြစ်ဖြစ် သတင်းအတိအကျ ပေးလိုက်လို့ ထင်တယ် အဲရွာကိုပဲ လေယာဉ်နဲ့လာပြီး ကြဲတာ၊ ဘုန်းကြီးကျောင်းတစ်ခုပဲ ထိသွားတာ၊ ဇရပ်အဆောင်ရယ် ဘုန်းကြီးကျောင်းမကြီးရယ် ကျောင်းထိုင်ဘုန်း ကြီးလည်း ပျံလွန်တော်မူသွားတယ်။ ကပ္ပိယလည်း ဆုံးသွားတယ် ပွဲချင်းပြီးပဲ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးနှင့် ကပ္ပိယတစ်ဦး ကွယ်လွန်သွားသည့် အပြင် ကျောင်းဆောင်လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံများနှင့် Indaw Revolution-IR တာဝန်ရှိသူက အတည်ပြုပြောသည်။

ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုသည် ကျေးရွာကိုဦးတည်ပြီး တိုက်ခိုက်မှုမျိုး ဖြစ်နိုင်ကြောင်းနှင့် လေယာဉ်နှင့် ဗုံးကြဲပြီးနောက်တွင်လည်း အင်းတော်မြို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုခဲ့များ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး ထိမှန်ပျက်စီး သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ညလည်းဖြစ်ပြန်ဆိုတော့ ရွာကိုလာကြဲတာက ဘုန်းကြီးကျောင်းကို ထိလိုက်တာ ထင်တယ်။ ရွာကိုလာကြဲတဲ့ အဲ့လိုပုံစံမျိုးပဲ၊ ရွာမဟုတ်ရင်တော့ ရွာအနီးစပ်တောကို ကြဲတာနေမှာ။ ဘုန်းကြီးကျောင်းကို လာထိလိုက်တဲ့ ပုံစံမျိုး အရပ်သားတွေက ဒီလေယာဉ်နဲ့ကြဲတဲ့အခါ ထိခိုက်မှုမရှိဘူး။ လေယာဉ်နဲ့ကြဲပြီးတဲ့နောက် အင်းတော် စစ် တပ်ကုန်းကနေပြီး ၁၂၀ မမ နဲ့ လှမ်းထုတာပေါ့။ အဲမှာ အရပ်သားနေအိမ် တစ်လုံးရယ် ဆိုင်ကယ်တစ်စီးရယ် ပျက်ဆီးသွားတယ်ပေါ့။ ဒီမှာ တိုက်ပွဲမဖြစ်တာတောင် ကြာပြီ” ၎င်းက ပြောသည်။

တိုက်ပွဲမဖြစ်ဘဲ ယခုကဲ့သို့ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုမှာ သတင်းပေးသူများ ရှိခြင်းကြောင့် နေရာကို တိတိ ကျကျ ကြဲချနိုင်ခြင်းမျိုး ဖြစ်နိုင်သည်ဟုလည်း Indaw Revolution-IR တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။

“ဒီလေကြောင်းနဲ့ကြဲတာကတော့ ဒလန်တွေကြောင့် ဒလန်တွေကနေပြီးတော့ သတင်းအတိအကျပေးလို့ ကြဲ လာတာပေါ့။ စစ်တပ်ကတော့ ဒီနေရာမဟုတ်ရင်လည်း တခြားနေရာမှာဆိုရင်လည်း ဒီတိုင်းကြဲနေတာဆိုတော့ လုပ်မြဲတမ်း လုပ်နေမှာ သူတို့ရက်ရက်စက်စက် ရိုင်းရိုင်းလုပ်နေမှာပဲ။ ဒလန်သတင်းပေးတာကြောင့်မို့လို့ ထင်မိတယ်။”

လေယာဉ်နှင့်ဗုံးကြဲခံရသည့် ခရမ်းစပ်ကုန်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော် ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးမှုအားကောင်းသည့်နေရာ ဖြစ်သည်ဟုလည်း ဆိုသည်။

အင်းတော်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုက ၈ ကြိမ် အထိ ရှိခဲ့ပြီး စစ်အုပ်ချုပ်ရေးလည်း ကြေညာထားသည့် ဒေသဖြစ်သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here