စစ်ကောင်စီတပ်သားများ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကြဖို့ NUG ယာယီသမ္မတဒူဝါလရှီးလ တိုက်တွန်း

0
340
ပုံစာ - NUG ယာယီသမ္မတဒူဝါလရှီးလ

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအနေဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး အမှန်တရားဘက်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယာယီသမ္မတ ဒူဝါလရှီးလက “မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါတစ်စု၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ကို ဖျက်ဆီးနေကြတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လက်ကိုင်တုတ်အဖြစ်မခံဘဲ အခြေနေအမှန်ကို လက်တွေ့ကျကျ ရှုမြင်ကာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကြပါ။ ပြည်သူ့ထံမှာ အလင်းဝင်ပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်ကြပါ” ဟု ပြောဆိုတိုက်တွန်းသည်။

စက်တင်ဘာလ ၇ ရက်တွင် ပြည့်မြောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် (၂) နှစ်ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောဆိုရာတွင် ယာယီသမ္မတ ဒူဝါလရှီးလက ယခုကဲ့သို့ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန်အတွက် ပြည်သူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

“ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ငွေကြေး၊ ငွေကြေး မတတ်နိုင်တဲ့သူတွေအနေနဲ့လည်း သတင်းအချက်အလက်များ ပံ့ပိုးကူညီတာ၊ စစ်တပ်ပိုင် ပစ္စည်းတွေကို ဆန့်ကျင်တာ၊ စစ်တပ်ပိုင် ပစ္စည်းတွေကို အသုံးမပြုတာ စတဲ့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ တော်လှန်ရေးကို ပံ့ပိုးကူညီကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

ယင်းအပြင် ခုခံတော်လှန်စစ် (၂) နှစ်တာ ကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်ပစ် စစ်သေနတ်ကြီးများကို စစ်ရေးဆိုင်ရာ မဟာဗျူဟာနှင့်အညီ ဒေသအလိုက် အတိုင်းအတာတခုထိ တပ်ဆင်နိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ခုခံတော်လှန်စစ် ၂ နှစ်တာအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၉၉၀၀ ခန့်ဖြစ်ပွားခဲ့ကာ ရန်သူ့တပ်သား ၃၀၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၃၂၃၅ ဦးနှင့် ရဲတပ်သား ၁၀၅၃၆ ဦး တော်လှန်ရေးဘက်သို့ ကူးပြောင်းခဲ့ပြီးဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူပေးသည်ကိုစားပြီး ပြည်သူ့ဘဏ္ဍာကို အသုံးပြုနေသည့် စစ်ကောင်စီအနေနှင့်လည်း ပြည်သူများကို အကြမ်းဖက်နေသည့် လုပ်ရပ်များအား ရပ်တန့်ကြပါဟုလည်း ယာယီသမ္မတ ဒူဝါလရှီလက ပြည်သူ့ခုခံ တော်လှန်စစ် (၂) နှစ်ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here