ကလေးမြို့တောင်ပိုင်းက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအကူအညီလိုအပ်နေ

0
506
ပုံစာ - ကလေးမြို့တောင်ပိုင်း ကြံသာစစ်ဘေးရှောင်စခန်း။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် စစ်ရေးပဋိပက္ခကြောင့် ကာလရှည်ကြာ စစ်ဘေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း သိရသည်။

အထူးသဖြင့် ကလေးမြို့တောင်ပိုင်းဒေသက သောင်းနှင့်ချီသော စစ်ရှောင်ပြည်သူများသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲများအကြား တိုက်ပွဲများ ဖြစ်ပွားမှုအပြင် စစ်ကောင်စီတပ်က ၎င်းတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်မှာ ယခုဆိုလျင် ၂ နှစ်ကျော် ကြာမြင့်လာပြီဟု စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်များသည် နေ့စဉ်စားဝတ်နေရေးအတွက် ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ရုန်းကန်လှုပ်ရှား နေကြသော်လည်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ဝင်ငွေနှင့်ထွက်ငွေ မမျှဘဲ အခက်အခဲများ ကြုံ နေကြရပြီး အထူးသဖြင့် အခြေခံစားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ကလေးမြို့နယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“အခုချိန်မှာ ကောက်သစ်လည်းမပေါ်သေးဘူးဆိုတော့၊ ဆန်းဈေးတွေကလဲ အင်မတန်မြင့်တယ်ဗျာ၊ ဆန် တစ်တင်းမှာ ၈၅,၀၀၀ ကျော်တယ်ဗျာ၊ တစ်အိတ်ဆို ၁၃၀,၀၀၀ လောက်ရှိတယ်။ စစ်ဘေးရှောင်တချို့က အလုပ်လုပ်ကြတယ်၊ ဒါပေမဲ့ သူတို့ရတဲ့ပိုက်ဆံနဲ့ မလောက်ဘူးဖြစ်နေတော့ တော်တော်လေး အဆင်မပြေ ဖြစ်နေကြတယ် သူတို့ ဝင်ငွေနဲ့ထွက်ငွေ မမျှဘူးပေါ့ဗျာ။ အခုချိန်မှာ အလှူရှင်များရှိရင် ရိက္ခာပိုင်းကို အဓိက အကူအညီ တောင်းချင်တာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများအား NUG အစိုးရ လက်အောက်ရှိ လူသားစာနာထောက်ထားရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုများရှိသော်လည်း အလှူရှင်များ ယခင်ထက် ပိုမိုနည်းပါးလာ‌သည့်အတွက် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲကြုံလာကြရသည်ဟု ၎င်းက ဆိုသည်။

ကလေးမြို့နယ်တောင်ပိုင်းဒေသတွင် စစ်ရှောင်စခန်း ၁၃ ခု ရှိပြီး ယင်းစစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

ယခုကာလသည် လယ်ယာစိုက်ပျိုးရိတ်သိမ်းကာလ ဖြစ်သည့်အလျောက် စစ်ဘေးရှောင်များမှာ စပါးစိုက်ခြင်း၊ နှမ်းခုတ်ခြင်း၊ မြေပဲနှုတ်ခြင်း၊ ပြောင်းဖူးချိုးခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်ကာ စား၀တ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု ပြောဆိုသည်။

မိုးရာသီကာလအတွင်း စစ်ရှောင်ပြည်သူများ နေထိုင်သည့် ယာယီစခန်းများမှာ နေပူတစ်လှည့် မိုးရွာတစ်လှည့် ကြောင့် အမိုးအကာများ ကြာရှည်မခံဘဲ ဆွေးမြည့်ကာ ပျက်ဆီးမှုများ ကြုံနေကြရသောကြောင့် ပြန်လည် ပြုပြင်နိုင်ရန် အမိုးအကာများ လိုအပ်နေသည်ဟုလည်း စစ်ဘေးရှောင်ကူညီပေးနေသူက ပြောသည်။

“အဓိက လိုအပ်တာက ဆန်နဲ့ရိက္ခာတွေပေါ့နော်၊ နောက်တစ်ခုကတော့ အမိုးအကာပေါ့၊ မိုးကာတချက်က တစ်နှစ်တောင်မှအလောက်ခံတာ နေပူလိုက် မိုးရွာလိုက်ဆိုတော့ ဆွေးတော့တာလေ၊ အဲဒါကြောင့် စစ်ဘေးရှောင်တွေ အတွက် ပထမက ရိက္ခာပိုင်းလိုအပ်တယ် ဒုတိယအချက်က အမိုးအကာလိုအပ်တယ်ဗျ” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် ကလေးမြို့တောင်ပိုင်းတွင်သာ စစ်‌ရှောင်စခန်းများ တည်ဆောက်ပေးနိုင်ခြင်းဖြစ်ပြီး ကလေးမြို့ မြောက်ပိုင်းတွင် စစ်ရှောင်စခန်းများ တည်ဆောက်ပေးနိုင်ခြင်း မရှိသေးသဖြင့် စစ်ဘေးရှောင် ပြည်သူတချို့မှာ ဆွေမျိုး၊ မိတ်ဆွေ အသိများထံ ခုံလှုံနေကြသူများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်နေစဉ်အတွင်း ကျောင်းနေအရွယ် စစ်ရှောင်ကလေးများ ပညာသင်ယူနိုင်ရန် ကလေးမြို့နယ် CDM ကျောင်းဆရာ၊ဆရာများနှင့် လုပ်အားပေးသူဆရာ၊ဆရာမ ၄၀၀ ကျော်က စစ်ရှောင်ကလေး အယောက် ၁၀၀၀ ကျော်အတွက် ပညာသင်ပေးနေကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများ၏ ကျန်းမာရေးအတွက် People Health Care အဖွဲ့မှ လှည့်လည် ကြည့်ရှုကူသပေးသည့်အပြင် NUG အစိုးရ လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဆေးခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုများပေးနေကြောင်း စစ်ရှောင်ကူညီပေးနေသူက ပြောသည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် ထွက်ပြေးတိမ်းရှောင်ကြရသည့် စစ်ဘေးရှောင် ပြည်သူများ ရေရှည် တောင့်ခံနိုင်ရန် ပြည်တွင်းပြည်ပအလှူရှင်များ၏ ကူညီပံ့ပိုးမှုများ အဓိကလိုအပ်ကြောင်း ကလေးမြို့နယ် စစ်ဘေးရှောင်များ ကူညီရေးအသင်းမှ တာ၀န်ရှိသူက ပြောသည်။

“အခု စစ်ရှောင်ပြည်သူတွေကလဲ သာမန်စစ်ရှောင်တွေ မဟုတ်ဘူး၊ တော်လှန်ရေးစစ်ရှောင်တွေဖြစ်ကြတယ်၊ စစ်အာဏာရှင်လက်‌အောက်မှာ မနေချင်လို့ ဒီတော်လှန်‌ရေးကို အားပေးထောက်ခံပြီးခါမှ ထွက်ပြေးလာတဲ့ သူတွေဖြစ်တယ်ဗျ။ ဒါကြောင့် သူတို့ ရေရှည်ခံနိုင်ဖို့ တောင့်တင်းဖို့ လိုအပ်တယ်။ စစ်ရှောင်တွေ၊ ပြည်သူတွေ ပြိုလဲသွားလို့ ကျွန်တော်တို့ တော်လှန်ရေးမှာ လက်နက်ဘယ်လောက်ပဲရှိရှိ အောင်မြင်မှုနဲ့ အလှမ်းဝေးအုံးမှာ ဖြစ်တယ်၊ ဒါကြောင့် စစ်ရှောင်ပြည်သူများ ရေရှည်တောင့်တင်းနိုင်ဖို့ ပြည်တွင်းပြည်ပက အလှူရှင်များ ပါဝင်အားဖြည့်ဖို့တောင်းခံချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိ၌ ကလေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွာလုံးကျွတ် မီးရှို့မှုကိုခံရသောကြောင့် စစ်ဘေးရှောင် စခန်းတွင် နေထိုင်ကြသော ကျေးရွာ ၇ ရွာမှ စစ်ရှောင်ပြည်သူ အယောက် ၂၀,၀၀၀ နီးပါးနှင့် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ခေတ္တစစ်ရှောင်ကြသူများအပါအဝင် စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်ရှိသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here