AA က စစ်ကောင်စီအရာရှိတစ်ဦးနှင့် ရဲတပ်သားနှစ်ဦးအား ဖမ်းဆီးပြီးနောက် စစ်ကောင်စီက စစ်ဆေးရှာဖွေမှု လုပ်နေဟုဆို

0
250
ပုံစာ - ရှေ့တန်းတနေရာရှိ AA တပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာရှိ စစ်ကောင်စီ အရာရှိတစ်ဦးနှင့် ရဲတပ်သားနှစ်ဦးအား AA-ရက္ခိုင့်တပ်တော်က စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးလိုက်ပြီးနောက် ဇင်ချောင်းရွာဘက်မှာ စစ်ကောင်စီက စစ်ဆေးရှာဖွေမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေထံမှ သိရသည်။

“ဇင်ချောင်းမှာကတော့ AA ဘက်က စစ်တပ်အရာရှိတစ်ယောက်နဲ့ ရဲနှစ်ယောက်ကို ၆ ရက်နေ့ ညနေ ၆ နာရီခွဲ လောက်မှာ ဖမ်းသွားတယ်။ ဒါကြောင့် အဲ့ဒီနေ့ညက အင်အား ၃၀ လောက်နဲ့ စစ်တပ်ကရွာထဲမှာ လိုက်ပြီး စစ်ဆေးတယ်၊ မွှေတယ်၊ ULA/AA အဖွဲ့ဝင်တွေကို လိုက်ရှာတာပြောပါတယ် တညလုံးပဲ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ကောင်စီအရာရှိတစ်ဦးနှင့် ရဲတပ်သားနှစ်ဦးကို AA က ဖမ်းဆီးရခြင်းသည် စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက ULA/AA အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကိုဟန်လင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်း၌ပင် AA က ထိုသို့ပြန်လည် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ဖမ်းဆီးခံရသည့် ULA/AA အဖွဲ့ဝင် ကိုဟန်လင်းမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ လိပ်ခမော်အုပ်စု၊ ဂေါ်တူရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ကျောက်ဖြူ မြို့ကို ဖုန်းပြင်သွားပြီး ပြန်လာစဉ် ကျောက်တလုံး စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောပြသည်။

ယင်းသို့ အပြန်အလှန် ဖမ်းဆီးမှုများရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် ဇင်ချောင်းကျေးရွာ အတွင်း လာရောက်ရှာဖွေ စစ်ဆေးနေမှုများကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟုလည်း ဒေသခံနောက်တစ်ဦးက ပြောပါသည်။

“စစ်ဆေးမှုတွေများနေလို့ AA နဲ့ ဆိုင်တဲ့သူတွေတောင်မက ဘာမှမဆိုင်တဲ့ ရွာသားတွေကိုပါ ဖမ်းမှာစိုးလို့ ကျေးရွာသားတချို့ ရှောင်နေကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ကောင်စီအရာရှိနှင့် ရဲတပ်သား နှစ်ဦးတို့၏ အမည်နှင့် ရာထူးကိုမူ မေးမြန်းစုံစမ်းနိုင်ခြင်း မရှိသေးပါ။

ရခိုင်တွင် ၂၀၂၂ ခုနှစ် တကျော့ပြန် တိုက်ပွဲများသည်လည်း နှစ်ဖက်တပ် အပြန်အလှန် ဖမ်းဆီးမှုများနှင့် စတင်ခဲ့သည့်အတွက် တိုက်ပွဲတဖန်ဖြစ်ပွား ပြင်းထန်လာမည်ကို စိုးရိမ်နေသည်ဟု ဒေသခံများက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here