လူမှုကူညီရေးအဖွဲ့များကို နှောင့်ယှက်တားဆီးခြင်းမပြုရန် ရခိုင်ပရဟိသမားများတောင်းဆို

0
153
ပုံစာ - ရခိုင်တွင်လူမှုကူညီမှုများပေးအပ်ထောက်ပံနေမှုမြင်ကွင်း။(Photo-သဘာဝနဒီ)

ရခိုင်ပြည်အတွင်း လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများကို နှောင့်ယှက်တားဆီးခြင်းမရှိဘဲ လွတ်လပ်စွာ ကူညီခွင့်ပြုပေးရန် စက်တင်ဘာလ ၅ ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပရဟိတနေ့တွင် ရခိုင်ပရဟိတသမားများက တောင်းဆိုလိုက်သည်။

ပရဟိတသမားများကို အာဏာပိုင်များက သံသယဖြင့်စောင့်ကြည့်ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများကြောင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်ကြုံနေရကြောင်း ပြောကြသည်။

“လူနာတွေကို သွားပို့တဲ့အခါ လမ်းမှာ စစ်ဆေးတာတွေဟာ တခါတလေ အရမ်းကြန့်ကြာတာမျိုး ကြုံရတော့ လူနာတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတာမျိုး ရှိတယ်။ ဒါတွေကို အဆင်ပြေဖို့ သက်ဆိုင်ရာ လူကြီးတွေကို တောင်းဆိုချင်ပါတယ်” ကျောက်တော်မြို့၊ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းဥက္ကဌ ကိုညီပုက ပြောသည်။

စစ်ဘေးရှောင်အရေးအပါအဝင် လူမှုကူညီရေးကိစ္စရပ်များကို တက်ကြွစွာလှုပ်ရှား ဆောင်ရွက်နေသူအချို့ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခြင်းများကြောင့် လူမှုကူညီရေးလုပ်ငန်းများမှာ အားနည်းလာခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မောင်တောမြို့နယ်မှ ဂရုဏာကွန်ရက် လူမှုကူညီရေးအသင်းဥက္ကဌ ဦးချစ်ထူးခိုင်မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ (၁၇) ၁၊ ၂၊ ဖြင့် တရားစွဲဆိုခံခဲ့ရပြီး မင်းပြားဒေသခံ ကိုအမ်းသားကြီး မှာလည်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ဥပဒေပုဒ် ၅၀၅ (က) ဖြင့် တရားစွဲခံခဲ့ရသည်။

ယင်းအပြင် ယခုနှစ် မေလ ၂၃ ရက်နေ့တွင်လည်း စာရေးဆရာ ဝေဟင်အောင် အပါအဝင် ပရဟိတလုပ်ကိုင်သူ ၅ ဦးမှာ မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့ရန်သွားရောက်စဉ် စစ်ကောင်စီက ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရပြီး နောက်တစ်နေ့တွင် ပြန်လွတ်လာခဲ့သည်။

“စစ်တပ်က ကျနော်တို့ကို မြင်တာက ဒီရခိုင်က ပရဟိတအဖွဲ့အစည်းတွေဟာ ရက္ခိုင့်တပ်တော်ကို ကျောထောက်နောက်ခံ လုပ်နေကြတာဆိုပြီး မြင်နေကြတာရှိပါတယ်။ အဲလိုမျိုးအမြင်တွေ ရှိနေတဲ့အတွက် ကျနော်တို့ လုပ်ရကိုင်ရတာတွေဟာ လွတ်လွတ်လပ်လပ် မဖြစ်တော့ဘဲ စိတ်ထဲမှာတမျိုးကြီး ဖြစ်ရတယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူ ကိုအမ်းသားကြီးက ပြောသည်။

စစ်ကောင်စီသည် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေတွင် လူ ၅ ဦးထက်ပိုသော အဖွဲ့အစည်းတိုင်း မှတ်ပုံတင်ရမည်ဖြစ်ကာ ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ် ကျခံရမည်ဖြစ်သည်။

ယင်းအပြင် နိုင်ငံတော်က မတရားအသင်းအဖြစ် ကြေညာခံထားရသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ဆက်သွယ်ခြင်း၊ ပါဝင်ခြင်းမပြုလုပ်ရန် တားမြစ်ထားပြီး လိုက်နာမှုမရှိသည့် အဖွဲ့အစည်းကို ထောင်ဒဏ် ၅ နှစ်နှင့် ငွေကျပ် သိန်း ၅၀ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

“တဖက်မှာ အစိုးရ (စစ်ကောင်စီ) က အသင်းအဖွဲ့ဆိုင်ရာဥပေဒေနဲ့ ထိန်းချုပ်တာပေါ့လေ။ ဆိုတော့ သွားလာရတာ ကန့်သတ်နယ်မြေတွေ ကြုံရတယ်။ ဒါတွေဟာ စိတ်မကောင်းစရာပါပဲ” ဟု စစ်ဘေးရှောင်အရေးဆောင်ရွက်သူ အရှင်သဘာဝနဒီက မိန့်သည်။

လက်ရှိတွင် ရခိုင်ဒေသအတွင်း လူသားချင်းစာနာမှုအကူအညီ အများအပြားလိုအပ်နေသဖြင့် ပြည်တွင်းပြည်ပ အဖွဲ့များကို လွတ်လပ်စွာ သွားလာကူညီခွင့်ပေးရန်အတွက် ပရဟိတသမားများက တောင်းဆိုကြသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးကာ ပြည်သူ ၁၁ သိန်းကျော် ထိခိုက်နစ်နာခဲ့ရပြီး လက်ရှိအချိန်ထိ စားဝတ်နေရေးအပြင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here